ရဟန်းသည် သူတောင်းစားမဟုတ်ပါ
ယနေ့ ရန်ကုန်မြို့တော်ကြီးတွင် ဘူတာရုံနားတစ်ဝိုက်၊ ကားဂိတ်နားတစ်ဝိုက်၊ စျေးနားတစ်ဝိုက်တွင် သူတောင်းစားဟု ထင်မှတ်လောက်အောင် အတောင်းကြမ်းသော ရဟန်းအတုများကို တွေ့မြင်နေကြရ၏။ အချို့ကား ဓားပြမတိုက်ရုံသာ ရှိတော့၏။
လက်ကို အတင်းဆွဲကိုင်ကာ တောင်းရမ်းနေသော သင်္ကန်းဝတ်များရှိသည်ဟုလည်း သိရ၏။ ထိုသို့ မြန်မာနိုင်ငံ၌ ရဟန်းအတုများ ပေါများနေခြင်းသည် ဒကာ ဒကာမတို့ကြောင့်ဆိုလျှင် မှားအံ့မထင်။
ထိုစကားကို ရှင်းပါမည်။မြန်မာတို့သည် သဒ္ဓါတရားကောင်းသလောက် ဝေဖန်စစ်ဆေးရေး၌ အလွန်အားနည်းလှ၏။ သို့ဖြစ်၍ သင်္ကန်းဝတ်ကိုမြင်လျှင် အတုအစစ်ကို မခွဲခြားဘဲ လှူရန် အဆင်သင့်ဖြစ်နေ၏။
ထိုသဘောကို နားလည်ထားသော လက်ကြောမတင်း ငမိုက်သားတို့က သင်္ကန်းဝတ်လျက် အခွင့်အရေးကို အမိအရယူကြတော့၏။အမှန်စင်စစ်သော်ကား ရဟန်းစစ် ရဟန်းတု၊ ရဟန်းဆိုး ရဟန်းကောင်း ခွဲခြားသင့်သည်သာ။
ရဟန်းတု ရဟန်းဆိုးကို လှူလိုက်ရ၍ သာသနာအတွက် အကျိုးရှိမည်လား၊ သို့မဟုတ် သာသနာကို ထိခိုက်စေမည်လား စဥ်းစားသင့်၏။ ရဟန်းတို့မည်သည် သူတောင်းစားကဲ့သို့ တောင်းစားသူများမဟုတ်ပါ။ ရဟန်းများ နှုတ်က ပြောဆိုတောင်းကောင်းသူ နှစ်မျိုးသာ ရှိပါသည်။
(၁) မိဘ ဆွေမျိုး
(၂) ပစ္စည်းလေးပါး အလှူခံရန် ဖိတ်မံထားသူ
မိဘဆွေမျိုးလည်းမတော် ပစ္စည်းလေးပါးဖိတ်မံထားသူလည်း မဟုတ်ပါက ရဟန်းကောင်းတို့မည်သည် “ဘာအလိုရှိပါသည်” ဟု နှုတ်က ပြောဆိုတောင်းမည်မဟုတ်ပါ။ ပစ္စည်းလေးပါး ဖိတ်မံထားသူမဟုတ်ဘဲ ‘ဘာအလိုရှိတယ် လှူပါ’ ဟု ပြောလာသူသည်လည်း ရဟန်းအစစ် ရဟန်းအကောင်း မဖြစ်နိုင်ပါ။
သာသနာတွင် အရိယာယာစန နည်းခေါ် ဘုရားစသော အရိယာသူတော်ကောင်းတို့ တောင်းနည်းဟူသည် ရှိ၏။ သင်္ကန်းရုံလျက် အိမ်စေ့လျှောက်ရပ်နေခြင်း ဖြစ်၏။
ဥပမာ-သပိိတ်လိုသည် ဆိုပါစို့။
(၁) သင်္ကန်းရုံလျက် အိမ်ရှေ့တွင် ရပ်နေရမည်၊
(၂) ထိုအခါ အိမ်ရှင်က ပိုက်ဆံ သို့မဟုတ် စားစရာ တစ်စုံတစ်ခု လာရောက်လှူဒါန်းကြလိမ့်မည်၊
(၃) ရဟန်းက အလှူမခံကြောင်း ငြင်းပယ်ရမည်၊
(၄) ထိုအခါ အိမ်ရှင်တို့က ‘ဘာအလိုရှိတာပါလဲ’ ဟု မေးလိမ့်မည်။
(၅) ‘ဘာအလို ရှိတာပါလဲ’ ဟု မေးသောအခါမှသာ မိမိအလိုရှိသော သပိတ်ကို ပြောပြခွင့်ရှိ၏။
(၆) အိမ်ရှင်တို့က လှူနိုင်လျှင် လှူကြလိမ့်မည်၊ မလှူနိုင်ဟုဆိုလျှင် နောက်တစ်အိမ်သို့ ကြွရမည်။
(၇) မလှူချင် လှူချင်လာအောင် သူတောင်းစားကဲ့သို့ ပြောဆို၍မနေရ။
ဤနည်းစနစ်သည် ဘုရားစသော အရိယာသူတော်ကောင်းတို့ အလှူခံသောနည်းဖြစ်ပေ၏။ ရဟန်းတို့အား မိဘ ဆွေမျိုး မတော်စပ်လျှင် သို့မဟုတ် ပစ္စည်းလေးပါး ဖိတ်မံထားခြင်းမရှိလျှင် အထက်ပါနည်းအတိုင်းသာ အလှူခံရ၏။ ထို့ကြောင့် ရဟန်းသည် သူတောင်းစားမဟုတ်ပါ။
ကျမ်းကိုး၊ အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ) ၏ “သာသနာပြုရန် လမ်းကြောင်းမှန်” စာအုပ်၊ နှာ-၁၂၃ မှ ကူးယူပူဇော်သည်။ မေတ္တာဖြင့်
AShin Aggã Nanda