အထွေထွေဗဟုသုတ

တချိန်က ကျွန်ုပ်တို့ ကျောင်းသားဘဝက ရရှိခဲ့တဲ့ မုန့်ဖိုးလေး… ငါးပြား တမတ် ငါးမူးနဲ့ ဝယ်စားနိုင်ခဲ့တဲ့ အရာတွေ…..

တချိန်က ကျွန်ုပ်တို့ ကျောင်းသားဘဝက ရရှိခဲ့တဲ့ မုန့်ဖိုးလေး… ငါးပြား တမတ် ငါးမူးနဲ့ ဝယ်စားနိုင်ခဲ့တဲ့ အရာတွေ…

ကျမသူငယ်တန်းစတက်တော့ မုန့်ဖိုး ငါးပြားရသည်။ အမှန်ကတော့ သူများမုန့်ဖိုးဆိုလို့သာ အိမ်က မုန့်ဖိုးပေးပုံရ၏။

ကျမ အဲဒီငါးပြားကို သုံးစရာမလိုသလို သုံးလျှင်လည်း ကျမအလွန်ကြိုက်သည့် ပဲဆုပ်မုန့်ဟုခေါ်သည့် ပဲမှုန့်ကိုထန်းလျက်နှင့် ရောကြိုပြီး ခဲထားသည့် မုန့်ဝယ်စားရင်စား၊ ပဲရေခဲချောင်း ဒါမှမဟုတ် ရေခဲချောင်းကို အရောင်မျိုးစုံလုပ်ထားသည့် ရေခဲချောင်းတစ်ချောင်း ငါးပြားပေးဝယ်စားပစ်လိုက်သည်ပင်။

ဘာဖြစ်လို့လဲမသိ ခုချိန်ထိပြန်စဉ်းစားကြည့်လျှင် ငါးပြားစေ့ကိုလှသည်ဟု ထင်မိသည်။

ကျမအဖွားလေးဖြစ်သူက သူတို့ခေတ်က နို့ဆီတစ်ဗူးမှ တစ်ပြားဟု ပြောလျှင် ပြားစေ့ပိစိသေးသေး၊လှလဲမလှ၊ ပေါ့တော့တော့ ငွေရောင်အပြားလေးကို မျက်စေ့ထဲပြေးမြင်ရင်း ကိုယ်အရမ်းကြိုက်တဲ့ နို့ဆီတစ်ဗူးကို အဲဒီအပြားလေးတစ်ပြားထဲနဲ့ ရသည်ဟုပြောသည်ကို စဉ်းစားကြည့်ဖူးသည်။

အဖွားလေးရဲ့ စကားထဲမှာ ငါတို့ကျွန်ခေတ်က ပစ္စည်းတွေဘယ်လိုပေါကြောင်း၊ နင်တို့သခင်ခေတ်က အားလုံးရှားတဲ့အကြောင်းကို မုန်းအောင်ကြားခဲ့ရဖူးသည်။

သူရဲ့ပဲစေ့၊ပြားစေ့တွေအကြောင်းကို နားထောင်ရင်း ကျမတို့ကတော့ ငါးပြား၊ဆယ်ပြားနဲ့ လူဖြစ်လာရသည်ဟုပင် ဆိုရမည်။

ပုသိမ်မှာနေတုံးကတော့ မုန့်ဖိုးသေချာမရခဲ့သလို မုန့်ဖိုးအကြောင်းကို သေချာသတိမရမိချေ။

မုန့်စားချင်လျှင် အမေ့ကိုပူဆာရုံပင်။ ကလေးဘဝအကြိုက်ဆုံး မုန့်တွေပြောပြရလျှင် မုန့်စိမ်းပေါင်း၊ မုန့်လေပွေ၊ မုန့်လုပ်ဆောင်း၊ မုန့်ဦးနှောက်၊ သရေစာထဲကဆိုရင် ပဲဆုပ်မုန့်နဲ့ မုန့်ကြာကွက်၊ ဒါးလှီးမုန့်လို့ခေါ်တဲ့ တရုတ်မုန့်တွေလို့ဘဲ ဆိုရမည်။

ပဲဆုပ်မုန့်ပါးစပ်ထဲထည့်လိုက်လို့ အရည်ပျော်သွားသည့် အရသာကို ဘယ်လိုကြိုက်မှန်းမသိ။

မကြာသေးခင်ကမှ ကနစိုသီး စားရင် ဝမ်းလျောတတ်သည်ဟု ကြားခဲ့ဖူးသော်လည်း ကျမငယ်ငယ် က ရေငန်းသီး၊ ကနစိုသီး၊ငှက်ပျောသီးဆိုတာတွေက ပေါမှပေါဆိုသလို စားမှစားလို့တောင်ပြောနိုင်သည်။

ရန်ကုန်ရောက်တဲ့ လေးတန်းနှစ်ကတော့ မှတ်မှတ်ရရ တမတ်စရ သည်။ ထောင့်ကွေးကွေးလေးနဲ့ တမတ်စေ့လေးကလဲ ကဗျာဆန်သား။

ကျမတို့ကျောင်းက ကျောင်းစောင့်ဦးလေးကြီး ဦးတဆုပ်မိသားစုရောင်းသည့် ကြာဆံသုပ်က ပြား နှစ်ဆယ်။

ကြာဆံလေးကို ဆီလေးနဲ့ ပဲငံပြာရည်လေးနဲ့ နယ်ကြော်ထားတာကို ပဲမှုန့်လေးနဲ့ အချဉ်လေးလောင်းထည့်ပေး၊ ငရုတ်သီးမှုန့်ကတော့ နဲနဲလေးထည့်ပြီး ခပ်စပ်စပ်၊ ခပ်ချဉ်ချဉ်လေးစားရသည့်အရသာကို ခုထိမမေ့။

မနက်ကို ကျောင်းမသွားခင် ၃၈ လမ်းဈေးထဲက ဘိန်းမုန့်၊ဒါမှမဟုတ် ပဲပြုတ်နံပြား၊ ပဲပြုတ်သွား ဝယ်ရသည့်တာဝန်က ကျမတာဝန်။

ကောက်ညှင်းဘိန်းမုန့်ကို ကျမက ဆန်နဲ့လုပ်တဲ့ ဘိန်းမုန့်ထက်ပို ကြိုက်သည်။ အဖွားက လ္ဘက်ရည်သမား။ ကျမတို့အိမ်မှာ မိုးလင်းကတည်းက အဖွားနှပ်တဲ့ လ္ဘက်ရည်အနံ့ကမွှေးပျံ့နေတတ် သည်။

ကောက်ညှင်းဘိန်းမုန့်နဲ့ လ္ဘက်ရည်၊ ထမင်းကြော်နဲ့လ္ဘက်ရည် တခုခုစားခဲ့သည်မို့ ကျောင်းရောက်လျှင် သရေစာ စားချင်တာစားအဆင်ပြေသည်။

တခါတလေလဲ ရှောက်သီးကို အကွင်းလိုက်လှီး၊ ဆနွင်းငရုတ်သီးမှုန့် တွေနဲ့နယ်ထားပြီး တကွင်း ဆယ်ပြားနှင့် ရောင်းသည်ကို ဝယ်စားတတ်သည်။

ကျောင်းအပြင်မှာ ရောင်းတဲ့ ကပ်စေးနဲကို အုန်းသီးဖတ်ကလေး တစ်ပြား၊နှစ်ပြားကပ်ထားတာကိုလဲ ကြိုက်တာပါဘဲ။

ကလေးသဘာဝ မုန့်စားတန်းက ကိုယ်စားချင်တဲ့ မုန့်ဝယ်စားတတ်ပေမဲ့ မှတ်မှတ်ရရရှိ သည့် မုန့်နှစ်မျိုးက ကြာဆံသုပ်နဲ့ ရှောက်ကွင်းဟုပင်ပြောရမည်။

ညနေကျောင်းပြန်ရင် တော့ မုန့်ဖိုးကျန်နေသေးလျှင် ရေခဲခြစ်တစ်ခုလောက်တော့ဝယ်စား ဖြစ်သည်။

ခြောက်တန်းနှစ်ရောက်တော့ အောက်ထပ်မုန့်စားဆောင် နဲ့ကပ်ရက်အတန်းဖြစ်နေခြင်းက အတော်ကို ဇိမ်ကျသည်။

သံပုရာရည်တခွက်ကို ထမင်းစားပြီးတိုင်းမှာသောက်ရသည့် အရသာ ကို မှတ်မိနေသည်။

ညနေကျောင်းပြန်ချိန်တော့ အမေ့ကို ပြောင်းဖူးပြုတ် တစ်ဖူးတစ်မတ်နဲ့ ဝယ်ကျွေးခိုင်းရပြန်သည်။ ၈ တန်းနှစ်ရောက်တော့ မှတ်မှတ်ရရ မုန့်ဖိုး ငါးမူးရသည်။

ဒါပေမဲ့ အဆင့် ၁၀ ကျော်ရင် မုန့်ဖိုးဖြတ်သည့်အဖေ့ဒဏ်ပေးစနစ်ကြောင့် ပထမအစမ်း၊ ဒုတိယအစမ်း နှစ်ခုအပြီး မုန့်ဖိုးမရတော့သည့် အပြင် မှတ်မှတ်ရရ အဆင့် ၂၀ ကျော်သွားသည့်အတွက် ထိုင်၊ထတောင်အဆစ်လုပ်ခဲ့ရသည်ကို မှတ်မိနေသည်။

၉ တန်း၊ ၁၀ တန်း ၂ နှစ်ကတော့ မုန့်ဖိုးပိုရခဲ့သည်။ မနက် ၇ နာရီတက်ရသည့် သင်္ချာ၊ ရူပဗေဒကျုရှင်အပြီး အိမ်ပြန်ဖို့မမီသည်များသည့်အတွက်နှင့် ညနေဆက်တက်ရသည့် အင်္ဂလိပ်စာကျုရှင်တွေအတွက် အပြင်မှာ စားခဲ့ရသည့်ကာလများစတင်ခဲ့သည်ဆိုရမည်။

ပိုရတဲ့မုန့်ဖိုးဆိုလို့ အထင်အများကြီးကြီးလျှင်မှားလိမ့်မည်။

တစ်ကျပ်၊ တစ်ကျပ်ခွဲဆိုတာ မိုင်ကုန်၊ အဲဒီခေတ်က လွစ်လမ်း(အခုဆိပ်ကမ်းသာလမ်း)ထိပ် ကုန်သည်လမ်းမှာ လှေခါးဘေးရောင်းတဲ့မုန့်ဟင်းခါး၊ ဒေါ်ညိုမုန့်ဟင်းခါးနဲ့ မဟာဗန္ဓုလလမ်းကားဂိတ်နားမှာရောင်းတဲ့ ကောက်ညှင်းပေါင်း၊ဘိန်းမုန့်တခုခုကို မနက်စာစားခဲ့ရသည်။

တက္ကသိုလ်တက်တော့ မုန့်ဖိုးက ၂ ကျပ်ခွဲရပြီ။ ကားခက အသွား ပြား ၃၀၊ အပြန် ပြား ၃၀ အနည်းဆုံးမို့ ကျန်တဲ့ပိုက်ဆံနဲ့ သံဗူး၊ ဆီချက်စတာတွေ အဆင်ပြေအောင် ရှာကြံစားသောက်ရတော့ သည်။

လှည်းတန်းက အိမကျောက်ကျောက ပြား ၆၀ ကနေ နောက်တော့ ၇၅ ပြားဖြစ်သည်ထင်သည်။

တတိယနှစ်ရောက်တော့ တောင်ငူဆောင်နဲ့ ရာမညဆောင်ကြားထဲမှာဖွင့်တဲ့ သက်သာဆိုင်က လ္ဘက်ရည်တစ်ခွက် ၇၅ ပြားရသေးတော့ အဲဒီမှာဘဲ နေ့ခင်းထမင်းဗူးစားချိန်ထိုင်ဖြစ်တာများခဲ့သည်။

ကျမဝိဇ္ဇာဘွဲ့ရ ကျောင်းပြီးခဲ့သည့် ၁၉၈၆ ခုနှစ်အထိ ကျမအများဆုံးရခဲ့ဖူးတဲ့ မုန့်ဖိုးဟာ ငါးကျပ်အထိဘဲ ရှိခဲ့ဖူးတာကို ပြန်စဉ်းစားရင်း ငွေကြေးဖောင်းပွမှုပမာဏအဆတွေက နှစ် ၃၀ ကျော်လောက်အတွင်း အဆ ၁၀၀၀ လောက်ရှိနေပါလားဟု တွေးမိရသည်။

၈၈ အရေးအခင်းဖြစ်တော့တောင် ဆန်တပြည် ၁၆ ကျပ် ( ) ခေါင်းကိုဖြတ်လို့အော်ခဲ့ကြသေးတာ။ ခုခေတ် ပေါ်ဆန်းတပြည် ၃၂၀၀ ဖြစ်နေပြီဆိုတော့လဲ။ ????

မူရင်း ကျွန်ုပ်တို့ဖြတ်သန်းခဲ့တဲ့ မြန်မာပြည် နှစ် – ၅၀ Page မှ ရေးသားထားသည်ကို ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *