“သြော် ၆ နှစ်တောင်ရှိသွားပြီလား၊ ငါ့သားရော ဘာတွေလုပ်နေလဲ” တဲ့။ အဘကတော့ ကျွန်တော့်ကိုမြင်တာနဲ့ ဖက်လှဲတကင်းလာပြီး နှုတ်ဆက်ရှာတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက (၂၀၁၇) အင်းဝကို ဧည့်သည်တစုနဲ့လည်တုန်း အဘနဲ့ဆုံတယ်။
အဲ့ဒီတုန်းက သူ့အသက် ၈၆ နှစ်။ အင်းဝမှာ အသက်အကြီးဆုံးမြင်းလှည်းဆရာကြီးဆိုပြီး ကျွန်တော်ပို့စ်လေးတစ်ခုတောင် ရေးတင်ဖူးသေးတယ်။ အဘရာ ဒီအရွယ်ထိအောင် မြင်းလှည်းမောင်းတုန်းပဲလားလို့ မေးတုန်းက သူက အလုပ်မလုပ်ရရင် မနေနိုင်လို့တဲ့။
အသက်သာကြီးတာ မြင်းလှည်းပေါ်တက်တာဆင်းတာများ လွှားခနဲ လွှားခနဲပဲ။ ဒီတစ်ခေါက်လည်း အဲ့ဒီတုန်းကလို ဒေါင်ဒေါင်မြည်။ အခုတော့ သူ့အသက်က ၉၃ နှစ်ရှိပြီ။ “အဘ မြင်းလှည်းမောင်းသေးလား” ဆိုတော့ “လာငှားရင်တော့မောင်းတာပေါ့၊ ဒါပေမယ့် ဧည့်သည်မရပါဘူး ငါ့သားရာ” တဲ့။
ကျွန်တော့်ကိုနှုတ်ဆက်ပြီးတော့ အိမ်ထဲက သူ့အိမ်သူကိုလှမ်းခေါ်တယ်။ “အဖွားကြီး မန္တလေးက ကလေးလာတယ်” တဲ့။ အမေကြီးက ကျွန်တော့်နာမည်ကို ချက်ချင်းမမှတ်မိရှာဘူး။ ဗလာစာအုပ်ထုတ်လာပြီး အဲ့ဒီအထဲမှာရေးထားတဲ့ ကျွန်တော့်နာမည်နဲ့ ဖုန်းနံပါတ်ကို ရွတ်တယ်။ အဲဒီစာအုပ်လေးက လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ရေးမှတ်ထားတဲ့စာအုပ်လေး။
ဒီကြားထဲ ကြိုကြားရောက်ဖြစ်ပေမယ့် နောက်ဆုံးရောက်ခဲ့တာကတော့ ကိုဗစ်ပထမလှိုင်းအပြီး ဆိုပါတော့။ အဘတို့လိုအပ်မယ်ထင်တာလေးတွေ သွားကန်တော့ခဲ့တာပါ။ အဲ့ဒီနောက် မရောက်ဖြစ်တော့ဘူး။ အဘ အင်းဝမှာမြင်းလှည်းမောင်းခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ အဲ့ဒီလုပ်သက်နဲ့သာဆိုရင် ကျွန်တော်တို့လို ဧည့်လမ်းညွှန်မျိုးဆက်သစ်တွေတင်မကဘူး၊ ဝါရင့်ဧည့်လမ်းညွှန်ကြီးတွေကိုလည်း ဝန်ဆောင်မှုတွေပေးခဲ့ဖူးမှာပါ။
ခေတ်တွေအဆက်ဆက်၊ ခရီးသွားလုပ်ငန်း ပြောင်းလဲမှုတွေလည်း အများကြီးသူမြင်တွေ့ခဲ့ရပြီးမှာပဲ။ ခရီးသွားလုပ်ငန်းတင်မကဘူး သူ့အသက်အရွယ်အရဆိုရင် လွတ်လပ်ရေးကာလတွေ၊ ပြည်တွင်းစစ်ကာလတွေကိုလည်း အရွယ်ကောင်းကောင်းနဲ့ ဖြတ်သန်းခဲ့ဖူးမှာပါပဲ။
၉၃ နှစ်၊ အင်းဝရွှေမြို့တော်မှာ ဧည့်သည်တွေကိုမျှော်နေတဲ့ မျက်ဝန်းတွေ၊ မြင်းလှည်းပေါ်ခုန်တက်၊ ခုန်ဆင်း သွက်လက်စွာ ဝန်ဆောင်မှုပေးနေနိုင်သေးတဲ့ အဘရဲ့အားအင်တွေ. အဘစောင့်မျှော်နေတဲ့ ဧည့်သည်တွေ၊ ရွှေပြည်တော်ကြီးကတော့ မျှော်တိုင်းဝေးနေဆဲပါပဲ။ မြင်းလှည်းဆရာကြီး ဦးသောင်း အင်းဝနန်းမြို့ရိုးအရှေ့ပေါက် အင်းဝမြို့။ Traveller_Jay (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)