ကြားသိရသမျှ

နာမည်တလုံးကြောင့် သောကပွေနေရသူ (သို့မဟုတ်) သရုပ်ဆောင် ခြူးလေး

ယနေ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကတော့ ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ နာမည်ကို ရှေ့က မထည့်လို့ ရိုက်ကူးရေးကနေ နှုတ်ထွက်လိုက်တဲ့ သရုပ်ဆောင် ခြူးလေး အကြောင်းပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးမယ့် “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ခြူးလေးဟာ သူမနာမည်ကို သရုပ်ဆောင် မေမီကိုကိုရဲ့ နောက်မှာ ထားခဲ့တာကြောင့် ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ကန်တော့ပွဲ မတက်ခဲ့တဲ့ သရုပ်ဆောင် ခြူးလေးကို ဒါရိုက်တာ ဟိန်းစိုးက သရုပ်ဆောင် စာရင်းက ထုတ်ပယ်ခဲ့ပြီး သရုပ်ဆောင် အင်ကြင်းထူးနဲ့ ချက်ချင်း အစားထိုးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စကြောင့် လူမှုကွန်ရက်မီဒီယာတွေမှာ နှစ်ဖက် အပြန်အလှန် ပြောဆို ဖြေရှင်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဒါရိုက်တာ ဟိန်းစိုးကလည်း နာမည်မပြိုင်ကြဘဲနဲ့ သရုပ်ဆောင်ပဲ ပြိုင်ကြဖို့ ပြောခဲ့သလို သရုပ်ဆောင် ခြူးလေးကလည်း နာမည်တလုံးကို အထိအခိုက် မခံနိုင်ဘူးလို့ ပြန်ပြောခဲ့ကြပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ နှစ်ဖက်လုံးကို ဝေဖန်မှုများ ရှိခဲ့ပြီး အပြန်အလှန် မှတ်ချက်တွေ ပေးနေတာကို တွေ့နေရပါတယ်။

သရုပ်ဆောင်ဆိုတာ ဝါသနာကို အခြေခံပြီး မိမိပါရမီနဲ့ အတတ်ပညာစွမ်းကို အသုံးပြုကာ ပရိသတ်ကို ဖျော်ဖြေမှု ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ သရုပ်ဆောင် တဦး နာမည်ကျော်ကြားစေတာကနေ နာမည်ပျက်စေနိုင်တဲ့ အဓိက အကြောင်းရင်းကတော့ မာန်မာနတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကို ဖျော်ဖြေဖို့ အဓိကလို့ ခံယူထားရင် မာန်မာနတွေကို ခဝါချပစ်ရမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အနေနဲ့ နာမည်ကြီးနေစဉ်မှာပင် ဖြတ်လျှောက်အခန်းတွေမှာ ပါဝင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ယခင်တုန်းက မြန်မာ့ ရုပ်ရှင်လောကမှာလည်း အလားတူ နာမည် ရှေ့နောက် ကိစ္စမျိုး ဖြစ်ပျက်ခဲ့ဖူးပေမယ့် တန်းဝင်ရုပ်ရှင်ကားကြီးတွေမှာသာ ဖြစ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သာမန်ဇာတ်လမ်းတွဲတခုမှာ နာမည်ရကာစ သရုပ်ဆောင် တယောက်အနေနဲ့ ယခုလို ချေမိုးပြတာကတော့ အချိန်စောနေသေးတယ်လို့ ဝေဖန်ချင်ပါတယ်။

မြန်မာ့ရုပ်ရှင်လောက တခုလုံး ကသောင်းကနင်း ဖြစ်နေပြီး အနာဂတ်တွေ ရေရာမှု မရှိချိန်မှာ ယခုလို အဖြစ်အပျက်မျိုးတွေနဲ့ အချိန်ကုန်နေရတာ ဝမ်းနည်းဖို့ ကောင်းပါတယ်။ သရုပ်ဆောင် ခြူးလေးအနေနဲ့လည်း မာန်မာနတခုကြောင့် မိမိနာမည် ထိခိုက်နိုင်တာကိုလည်း ထည့်တွက်သင့်ပါတယ်။ ဇာတ်လမ်းနဲ့ ဒါရိုက်တာဆိုတဲ့ ရေမြင့်မှသာ သရုပ်ဆောင်ဆိုတဲ့ ကြာက တင့်တယ်မှာ ဖြစ်ပါတယ်။ နာမည်တွေကို ဂရုမစိုက်ဘဲ ကျရာနေရာက အစွမ်းပြနိုင်တဲ့ သရုပ်ဆောင်တွေ ပေါ်ထွက်လာပါစေလို့ ဆုတောင်းရင်း…

Leave a Reply

Your email address will not be published. Required fields are marked *