အထွေထွေဗဟုသုတ

ကျွန်တော်တို့ ငယ်စဉ်က ရူးသွပ်စွာ တခေတ်ထခဲ့ဖူးတဲ့ ကျော်သူထုံးနှင့် ပန်းပွားလွယ်အိတ်….

ကျွန်တော်တို့ ငယ်စဉ်က ရူးသွပ်စွာ တခေတ်ထခဲ့ဖူးတဲ့ ကျော်သူထုံးနှင့် ပန်းပွားလွယ်အိတ်….

” အမေ… ကျွန်တော် ကျောင်းသွားတော့မယ်. လွယ်အိတ်ထုံးပေး ”

“အေးပါ သားရယ်”

“ကျော်သူထုံးနော်အမေ”

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ကားထဲတွင် ကိုကျော်သူ လွယ်ထားသော လွယ်အိတ်မှာ အထုံးလေးနှင့် ဖြစ်ပါသည်။

ဒါကိုမြင်ပြီး အားကျအတုယူကာ ကျောင်းသွားကြလျှင် ကျော်သူ လွယ်အိတ်ထုံးစတိုင်လ်လေးနှင့် သွားကြသည်။

ကျွန်တော်တို့ ငယ်ငယ်က ကျော်သူထုံးဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဖူးသည်။ ။

♦ကျတော် အလယ်တန်း ၁၉၈၅-၈၈ ရောက်တော့ လွယ်အိတ်တွေရဲ့ ရေစီးကြောင်း တဆစ်ချိုး ပြောင်းလဲခဲ့တယ်လို့ ဆိုနိုင်တယ်။

ကချင်လွယ်အိတ်နဲ့ အင်းလေးနိုင်လွန် လွယ်အိတ် ရှိခဲ့ရာက စီလွန်ချည်နဲ့ ရက်လုပ်ထားတဲ့ စီလွန်လွယ်အိတ် ဆိုတာ ပေါ်လာတယ်။

အရင်က လွယ်အိတ်တွေဟာ လိုင်းအစင်း ဒီဇိုင်း မရှိခဲ့ပေမယ့် စီလွန်လွယ်အိတ်တွေရဲ့ ဒီဇိုင်းက ဒေါင်လိုက်စင်းတွေမို့ အမြင်ဆန်းကြယ်တယ်။

ရုပ်ရှင် မင်းသားမင်းသမီးတွေကလည်း ရုပ်ရှင်ဇာတ်ကားတွေမှာ စီလွန်လွယ်အိတ်တွေ လွယ်ပြီး ရိုက်ပြကြတယ်။

စီလွန်လွယ်အိတ်တွေ အထူးတလည် ကြော်ငြာစရာမလိုဘဲ စျေးကွက်မှာ နေရာရခဲ့ကြတယ်။

ကျော်သူ၊ စိုးသူ၊ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင် စတဲ့ ခေတ်ပြိုင်မင်းသားအားလုံး စီလွန်လွယ်အိတ်တွေ လွယ်ပြီး ရုပ်ရှင်ရိုက်ခဲ့ကြတယ်။

မင်းသား ကျော်သူကတော့ လွယ်ရုံတင်မက လွယ်အိတ်ကိုင်းကို ထုံးပြီး ရုပ်ရှင်ရိုက်တယ်။

အဲ့ဒီခေတ် လူငယ်တွေကြားမှာတော့ “ကျော်သူထုံး” ဆိုပြီး ရေပန်းစားသွားတဲ့အထိ အောင်မြင်ခဲ့တယ်။ ပုဆိုးကိုလည်း ခပ်တိုတိုဝတ်ခဲ့တဲ့ ဖက်ရှင်ပေါ့။

♦စီလွန် လွယ်အိတ်တွေနဲ့ မရှေးမနှောင်းမှာ ပေါ်လာတာက ပန်းဖွားလွယ်အိတ်တွေ။

ပန်းဖွားလွယ်အိတ်ကိုတော့ ကျောင်းသူတွေပဲ လွယ်ကြပြီး၊ ကျောင်းသားတွေတော့ မလွယ်ကြဘူး။

ပန်းဖွားလွယ်အိတ်တွေမှာ ပန်းပွင့်ပုံ ဒီဇိုင်းတွေ ပုံဖော်ထားတော့ ကျောင်းသားတွေလည်း သိပ် မလွယ်ရဲကြဘူးလေ။

မေသန်းနု၊ ဇင်မာဦး၊ ခိုင်ခင်ဦး စတဲ့ မင်းသမီးတွေ တက္ကသိုလ်ကျောင်းသူ ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်တဲ့အခါ ပန်းဖွားလွယ်အိတ်ကြီးတွေ လွယ်ခဲ့ကြတယ်။

အဲ့ဒီအချိန် ၁၉၈၇ လောက်မှာ တက္ကသိုလ်ကျောင်းသူတွေက ရှပ်အင်္ကျီပွပွကြီးတွေနဲ့၊ ထမိန်ကို ခြေသလုံးသားတွေ ပေါ်အောင် တိုတိုဝတ်၊ ဆံပင်ရှည်ဖားလျားချပြီး ပန်းဖွားလွယ်အိတ် လွယ်တဲ့ ဖက်ရှင် ခေတ်စား ခဲ့တာပေါ့။

တကယ်လဲ ကြည့်လို့လှကြတယ်။ အမေတွေကတော့ လုံချည်တိုတိုဝတ်တဲ့ပုံကို သိပ်ဘဝင်မကျ ကောက်စိုက်သွားမလို့လား လို့ အငေါ်တူးခဲဲ့ကြတယ်။

မောင်ဥယျာဉ် ၂၀၁၈၊ နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် ၅၉ ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြပါသည်။

ပုံ/စာ လေးစားစွာခရက်ဒစ်
ပြန်လည်မျှဝေဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *