အထွေထွေဗဟုသုတ

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးဆိုတဲ့ ပြဿနာက ဒီလိုပါ…(မသိသေးသူများအတွက်မျှဝေပေးလိုက်ပါတယ်)

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့ သတိထားနိုင်စေဖို့ပါ

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့…တရားစွဲဖို့ ကန့်သတ်ထားတဲ့ ကာလအပိုင်းအခြား ကုန်ဆုံးသွားလို့ ဖြစ်ပါတယ်တဲ့… ဈေးကွက်ဂျာနယ်မှာ ပါသော ဆောင်းပါးပါ….

“၁၂ နှစ်ကျော် နေထိုင်လာသူထံမှ မြေနှင့်အိမ်ကို ဝယ်လျှင်””ရောင်းမယ့် အိမ်နဲ့ မြေက ပိုင်ရှင်အစစ်မဟုတ်လို့ ဝယ်ဖို့ အဆင်ပြေပါ့မလား ဆရာ” ဟု တပည့်တစ်ဦး က လာရောက်ဆွေးနွေး ပါသည်။

”ပိုင်ရှင်အစစ်မဟုတ်ဘူးဆိုတာက ဘာကို ပြောတာလဲ၊ မြေပိုင်ရှင်က သေဆုံးသွားလို့လား””အဲဒီလိုတော့ မဟုတ်ဘူး ဆရာ၊ ဘယ်လိုပြောရမလဲ”

”ဘယ်လိုမှ မပြောနဲ့တော့၊ သေချာလေ့လာခဲ့မှပေါ့ကွယ်၊ ကဲ- ဆရာမေးတာပဲ ဖြေတော့”

”ဟုတ်ကဲ့ ဆရာ”

”မြေနဲ့ အိမ်အမည်ပေါက်ပိုင်ရှင်က တစ်ယောက်၊ အခု ရောင်းမယ်ဆိုတဲ့ သူက တစ်ယောက်ဖြစ်နေတာပေါ့”

”ဟုတ်တယ် ဆရာ”

”ရောင်းမယ်ဆိုတဲ့ သူက အဲဒီ အိမ်နဲ့ မြေကို ဝယ်ထား တာလား၊ ဘယ်လို ပိုင်ဆိုင်လာတာလဲ”

”ရောင်းမယ်ဆိုတဲ့ သူရဲ့ပြောစကားအရတော့…အခုအိမ် နဲ့ မြေ ပေါ်မှာနေတာ အနှစ် ၂ဝ နီးပါး ရှိပြီလို့ပြောတယ်”

”ဒါဆိုရင် မြေပိုင်ရှင် က သူတို့ကို ခွင့်ပြုချက်နဲ့ ထားတာလား”

”အိမ်မြေပိုင်ရှင် က သူ့ကို ကျူး ကျော်နေထိုင်တယ် ဆိုပြီး တရား စွဲခဲ့တယ်”

”အဲဒီတော့ အမှုကောပြီးသွား ပြီလား”

”အိမ်မြေပိုင်ရှင်ရဲ့တရားစွဲဆိုမှုက ကာလစည်းကမ်း သတ် ၁၂ နှစ်ကျော်သွားလို့ တရားစွဲတာ ရှုံး သွားတယ် ပြောတယ်”

”သူတို့က အနိုင်ရတယ်ပေါ့၊ ၁၂ နှစ်ကျော်လို့ ပိုင်ရှင်ကို ဆန့် ကျင်နေထိုင်ခွင့် ရသွားတာဖြစ်မယ်”

”ဟုတ်တယ် ဆရာ၊ အခု သူတို့က အိမ်နဲ့ မြေကိုရောင်း မှာ ဆရာ”

”ဒါမျိုးကတော့ ဂရုစိုက်ပြီး ဝယ်ဖို့လိုတယ်၊ ရောင်းတဲ့သူ က လည်း နောက်ထပ်အမှုအခင်း အရှုပ်အရှင်း ကင်းအောင်ဆိုပြီး သင့်တဲ့ဈေးနဲ့ လွယ်လွယ်ကူကူ ရောင်းသွားမယ့် သဘော ဖြစ်မယ်”

”ဟုတ်တယ်ဆရာ၊ဈေးသင့်လို့ ဝယ်မယ့်သူ က သမီးဆီ လာပြီး စာရွက်စာတမ်းစစ်ဆေးပေးပါလို့ ပြောတယ်။

သမီးလည်းမေးကြည့်လိုက်တော့ ရှုပ်ထွေးနေတာနဲ့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ” ဟုတပည့်ဖြစ်သူ မိန်းကလေးက ရှင်းပြ ပါသည်။

”ဘယ်လိုနည်းနဲ့ ကျူးကျော် နေထိုင်လာကြတယ် ဆိုတာတော့မသိဘူးပေါ့ကွယ်၊အဲဒီလို နေထိုင် လာခဲ့ တာ ၁၂ နှစ် ကာလကျော်ခဲ့ရင် ကာလ စည်းကမ်း သတ် အက် ဥပဒေအရ ပိုင်ရှင်ဆိုသူက တရားစွဲဆိုဖယ်ရှား ပိုင်ခွင့် မရှိတော့ဘူး။

အချင်းဖြစ်မြေနဲ့ အိမ်မှာနေတဲ့ သူတွေ က ပိုင်ရှင်အပေါ် ဆန့်ကျင်နေထိုင်ခွင့် ရသွားပြီ ဖြစ်တယ်၊တချို့က လည်း အဲဒီအခြေအနေကို ပစ္စည်း အပေါ်ဆန့်ကျင် ပိုင်ဆိုင်ခွင့် ရသွားပြီဆိုပြီး သတ်မှတ် ခေါ်ဝေါ် ကြတယ်။

အဲဒီမြေအိမ်၊ တိုက်ခန်း စတဲ့ မိမိ နေထိုင် တဲ့ အဆောက်အအုံဥပစာကို မိမိတို့ ပိုင်သွားပြီ လို့ ယူဆကြတယ်။

ဒါနဲ့ပဲ ထပ်ဆင့် ရောင်းချတာတွေ ဖြစ်လာတာပေါ့””အဲဒီလိုရခဲ့တဲ့ အဆောက်အအုံ ဥပစာကို ဝယ်ရင်တရားဝင် ပါ့မလား ဆရာ”

”တိုက်ခန်း မှာ အမည်ပြောင်းဖို့ ကိစ္စ အခက်အခဲ ရှိနိုင် သလို၊မြေ နဲ့အိမ်ဆိုရင်လည်း အရောင်းအဝယ် မြေပုံကူး ယူဖို့အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုဖို့

ဂရန်မြေ အမည်ပြောင်းဖို့စတဲ့ ကိစ္စတွေမှာ အမည်ပေါက်သူက တာဝန်ယူမှာ မဟုတ်တဲ့အတွက် အခက်အခဲတွေ့မှာ ဖြစ်တယ်””ဆရာပြောတော့ ဆန့်ကျင် ပိုင်ဆိုင်တယ်ဆို”

ဒါက အားလုံးက လွယ်လွယ် ပြောနေကြတာ၊ တရားရုံး က ပိုင်ဆိုင်သွားပြီလို့ ဆုံးဖြတ်တာ မဟုတ်ဘူး။ တရား စွဲဆိုခွင့် ကာလကျော်လွန်သွားပြီ လို့ ဆုံးဖြတ်ပေး လိုက်တာဖြစ်တယ်။

ဒါပေမယ့် ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ မှာ*** တရားစွဲဆိုဖို့ ကန့်သတ်ထားတဲ့ ကာလ အပိုင်း အခြား ကုန်ဆုံးသွားရင် အချင်းဖြစ်ပစ္စည်း ပိုင်ဆိုင် ခွင့်သည်လည်းကုန်ဆုံးပြတ်စဲသွားပြီလို့ပြဋ္ဌာန်းထားတဲ့ အတွက်နေထိုင်နေသူက ပစ္စည်းကို ပိုင်ဆိုင်သွားပြီလို့ ယူဆကြတာဖြစ်တယ် ***

”ဒါဆိုရင် ပိုင်ရှင်က ပိုင်ဆိုင် ခွင့်ဆုံးရှုံးသွားပြီ ပေါ့နော်”

”ငါ့ တပည့် ကို ရှင်းအောင် ပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုကို ဖတ်ပြမယ်”စာရေးသူက စာအုပ်စင်ပေါ် က စီရင်ထုံးစာအုပ်ကိုဆွဲယူလိုက် ပြီး ဖတ်ပြလိုက်ပါသည်။

ဒေါ်ငန်လွယ်ပါ ရှစ်ဦးနှင့် ဒေါ်တွဲလျန်ပါ သုံးဦး ၊၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၉၂ အမှုတွင်“ဒေါ်တွဲလျန် တို့က အချင်းဖြစ် မြေနှင့်အိမ်ကို တရား မစွဲဆိုမီ ၅၅ နှစ်ခန့်မှစ၍ ဆန့်ကျင်လက်ရှိ ထားခဲ့ သဖြင့် ယင်း မြေနှင့်အိမ်ကို ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ ပေးရန်တရားရုံး တွင် ဒေါ်ငန်လွယ် တို့အပေါ်တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်သည်။”

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ

– ဒေါ်တွဲလျန် အဆိုပြုသည့်အတိုင်း အချင်းဖြစ် မြေနှင့် အိမ်ကို ပိုင်ရှင်တို့အား ဆန့်ကျင်၍ ၁၂ နှစ် ကျော် လက်ရှိ ထားခဲ့ပါမူ၊

ဆိုင်ရာပိုင်ရှင်တို့အနေ ဖြင့် ယင်းပစ္စည်းများ တွင် ပိုင်ဆိုင်ခွင့်မှာ ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရကုန်ဆုံး ပြတ်စဲသွားပေမည်။

– ပိုင်ရှင်တို့အနေဖြင့် ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရ ပိုင်ဆိုင်ခွင့် ကုန်ဆုံး ပြတ်စဲ စေကာမူ၊ ဒေါ်တွဲလျန်တို့သည် ယင်းသို့ ဆန့်ကျင် လက်ရှိ ထားခြင်းဖြင့် အချင်းဖြစ် မြေနှင့် အိမ် ၏ ပိုင်ရှင် အဖြစ်သို့ ရောက်စေရမည်ဟု…

အဆိုပါ ပုဒ်မ ၂၈ တွင် ပြဋ္ဌာန်း ထားခြင်းမရှိပေ။

– အချင်းဖြစ်ပစ္စည်းများ၏ ပိုင်ရှင် တို့က ဒေါ်တွဲလျန် တို့ အပေါ် ယင်းပစ္စည်းများကို လက်ရောက်ရလို ကြောင်း တရားစွဲဆိုခွင့် မရှိတော့ခြင်းမှာ အချင်းဖြစ် ပစ္စည်းများနှင့် စပ်လျဉ်း၍ ဒေါ်တွဲလျန်တို့၏ ပိုင်ရေး ပိုင်ခွင့်နှင့် သက်ဆိုင်သည်ဟုမဆိုနိုင်ပေ။

– ထို့ကြောင့် ဒေါ်တွဲလျန် တို့စွဲဆိုသော အချင်းဖြစ် မြေနှင့် အိမ်ပိုင်ဆိုင်ကြောင်း ကြေညာပေးရန် စွဲဆိုမှု အား ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်လို့ ဖော်ပြထားတယ်။

” * ဒါကြောင့် ၁၂ နှစ်ကျော် ဆန့်ကျင်နေထိုင် လာ ရုံနဲ့ အဆိုပါ ပစ္စည်းကို အလိုအလျောက် ပိုင်ဆိုင်ခွင့် ရပြီး ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး။ နေပိုင်ခွင့် ဆက်လက် ရှိနေခြင်းကို ဆိုလိုတာဖြစ်တယ်။

ပိုင်ရှင်က မိမိကို အဆိုပါ အဆောက်အအုံမှဖယ်ရှား ပေးရန် တရားစွဲဆိုခွင့် မရှိခြင်းသာ ဖြစ်တယ်၊

ဥပဒေ အရ ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး * ”

”ဒါဆို ရောင်းလိ့ုမရဘူးပေါ့”

”အရောင်းအဝယ် လုပ်လို့ မရ ဘူးတော့ မဟုတ်ဘူး။

ပစ္စည်းတစ်ခုကို ရောင်းသူဝယ်သူ သဘောတူ ရင်အရောင်းအဝယ်ဖြစ်ကြတာပဲ။

ဒါပေမယ့် အခုလို အခြေအနေမျိုး က ဥပဒေ နဲ့အညီတရားဝင်ပိုင်ရှင် မဟုတ်တဲ့အတွက် ရောင်းမယ် ဆိုရင် ကန့်ကွက်တာ၊ တရားစွဲဆိုတာတွေဖြစ်နိုင်တဲ့ အတွက် ဒီအချက်တွေကို ရင်ဆိုင်နိုင်မှသာ ဝယ် ပါ”လို့အကြံပြု ပြောကြားလိုက်ပါ သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Leave a Reply

Your email address will not be published. Required fields are marked *