“မောင်လေး စား”၊ “ကကြီးလုံးကြီး တချောင်းငင်ကို” ဆိုတဲ့သီချင်းတွေဟာ အတော်ဆိုးပဲ၊ အဲ့ထဲက “မောင်လေး စား” ဆိုတဲ့ သီချင်းကတော့ ပိုပြီး ကြားရတာ အဆိုးဆုံးပဲ။
အခုကလေးငယ်အတော်များများဟာလည်း တစ်တော့တွေကြည့် အဲ့သီချင်းနဲ့ အတုမယူသင့်တာတွေ လိုက်လုပ်ကြ၊ အမူအရာတွေပါ လိုက်လုပ်ပြီး မိဘတွေရှေ့ပါမကျန် ဆိုကြ ကကြတာတွေ့ မြင်ရတော့ အတော်စိတ်ပျက်ဖို့ကောင်းတယ်။
မိဘတွေ ကိုယ့်သားသမီးကို ဖုန်းပေးကိုင်ရင် အတုယူသင့်တာကိုပဲ အတုယူခိုင်း လေ့လာခိုင်းစေချင်တယ်၊ တခါတလေ မဟုတ်တဲ့ဟာတွေကို အဟုတ်ထင်နေတတ်ကြတယ်၊ ခုနောက်ပိုင်း အတုယူစရာ ဆိုရှယ်ပလက်ဖောင်းတွေကများလာတယ်၊ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်းရှိတယ်၊ ကောင်းတာကို အတုယူလေ့လာဖို့ အားနည်းပြီး မကောင်းတာကို လေ့လာအတုယူဖို့ အားသန်တတ်ကြတယ်၊
အခုပြောသလို တစ်တော့တွေကြည့် အတုမယူသင့်တာတွေ အရွယ်နဲ့မအပ်စပ်တဲ့ အမူအကျင့်စရိုက်တွေ တတ်လာကြတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အတုယူမှားကြတာတွေလည်းရှိတယ်။ တစ်တော့ မှာကသိတဲ့အတိုင်း မျိုးစုံပလုံစုံပဲ။
ကလေးငယ်တစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါမှာ နံပါတ်(၁) မိဘ၊ မိဘတွေရဲ့အနီးကပ် သွန်သင်ဆုံးမမှုဟာ အလွန်အင်မတန်အရေးကြီးဆုံးပါ။ ငယ်ငယ်ကတည်းက မထိန်းကွပ်နိုင်ရင် အဲ့ကလေးဟာ အကျင့်စာရိတ္တပျက်စီးတာပဲ။ အပြောအဆိုကအစ စရိုက်ဆန်လာတတ်တယ်။
ကလေးငယ်တွေရဲ့ရှေ့မှာ မကောင်းတတ်တဲ့ အပြောအဆို အမူအရာတွေကို ဆင်ခြင်ကြရတယ်။ ဥပမာ- ဖခင်ဖြစ်သူက မိခင်ကို ကလေးရှေ့မှာ ပစ္စည်းတစ်ခု ပစ်ပေးတယ်ဆိုပါစို့၊ ကလေးက အဲ့ဒါကို မြင်ပြီး သူကလည်း မြင်တာကို အတုယူပြီး ပစ္စည်းပေးရင် အဲ့လိုပစ်ပေးတတ်သွားတယ်။ ကန်ပေးရင် ကန်တဲ့အကျင့်၊ နင်ပဲငဆပြောရင် နင်ပဲငဆပြောတဲ့အကျင့် နားထဲကြားပြီး အတုယူ ပြောလိုက်ကြတော့တာပါပဲ။ မိဘတွေသတိထားမိကြမယ်လို့ထင်ပါတယ်။
နံပါတ်(၂) ဆရာ၊ ဆရာမ။ ဆရာ၊ဆရာမတွေဆိုတာ ဒုတိယမိဘတွေပဲ။ ကလေးကို ဘယ်လိုအကျင့်စရိုက်တွေသင်ပြပေးမှာလဲ၊ တနည်းအားဖြင့် စံပြ Role Models တွေပါ။ ကျောင်းတစ်ကျောင်းရဲ့အုပ်ချုပ်မှုပေါ်မူတည်ပြီး ဆရာ၊ဆရာမတွေရဲ့ ထိန်းကြောင်းမှု၊ သင်ပြမှု၊ ဆုံးမမှုတွေဟာလည်း ကွဲပြားကုန်ကြတယ်။
ကလေးငယ်တွေကို နည်းလမ်းမှန်မှန်ဘဝဖြတ်သန်းဖို့ ပညာတတ်ကြီးတွေ နိုင်ငံ့သားကောင်းတွေဖြစ်ဖို့ဆိုတာ ဒီဆရာဆရာမတွေရဲ့သင်ပြဆုံးမမှုကတဆင့် ဘဝကိုအစပြုပျိုးထောင်ကြရတယ်၊ ဆရာအသင်မှားရင် ကျောင်းသားဘဝပျက်တတ်ကြတယ်။ ကျောင်းရောက်ရင် ဆရာ၊ ဆရာမတွေက သင်ပြဆုံးမမယ်၊ အိမ်ရောက်ရင် မိဘတွေက လမ်းညွန်ဆုံးမကြမယ်၊ ဆရာတွေနှင့်မိဘတွေ နည်းလမ်းမှန်မှန်လမ်းကြောင်းနိုင်မှ ကလေးတွေဘဝ တန်ဖိုးရှိရှိကျော်ဖြတ်နိုင်မှာပါ။
အခုဆိုသိတဲ့အတိုင်း ဆရာဆရာမတွေကစပြီး မသင်သင့် မသင်အပ် မလုပ်ပြအပ်တဲ့ အမူအကျင့်တွေကို ယူနီဖောင်း တွေဝတ်ပြီး ကိုယ်တိုင်သရုပ်ဖော် ဆိုကြ ကပြကြတာတွေ မြင်လို့မကောင်းဘူး၊ အတော်စိတ်ပျက်စရာကောင်းတယ်။
ကျောင်းတစ်ကျောင်း၏ စာသင်နှစ်တစ်နှစ်ရဲ့ ပညာရေးစုံညီပွဲတော်ဆိုတာ ကျောင်းသားမိဘတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်လူကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေ၊ ကျောင်းသားကျောင်းသူတွေအားလုံးနဲ့အတူ တခမ်းတနားပြုလုပ်ကျင်းပကြရတဲ့ ပညာရေးစုံညီပွဲတော် ဆုနှင်းသဘင် အခမ်းအနားတစ်ခုပါပဲ၊ ထို့အပြင် ကျောင်းသား၊သူတွေရဲ့ အကအလှ တေးသရုပ်ဖော်တွေပါ ပြသကြရတဲ့ပွဲတစ်ခုလည်းဖြစ်တယ်။
ဒါပေမယ့် အဲ့လို တေးသရုပ်ဖော်နဲ့ ကပြ သီဆိုကြရတဲ့အခါမှာ ရသမပျက်ဖို့တော့လိုတာပေါ့၊ ကျောင်းကပွဲဟာ အပြင်လူမှုပတ်ဝန်းကျင်မှာပြုလုပ်လေ့ရှိတဲ့ စတိတ်ရှိူးပွဲမဟုတ်ဘူးလေ။ အဲ့ဒါကလည်း ကျောင်းရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံမှုပေါ်မူတည်၍ ကွဲပြားကြပြန်တယ်။
တချို့ကျောင်းတွေဆို စည်းစနစ်ကျတယ်။ ကလေးတွေဖျော်ဖြေကပြမယ့်သီချင်းဟာ သူတို့အရွယ်နဲ့သင့်တော်ရဲ့လား၊ လိုက်ဖက်ရဲ့လားဆိုတာ အမြဲသုံးသပ်တယ်၊ အဆင်မပြေရင် ကပြခွင့်မပေးဘဲ သင့်တော်တာ ပြောင်းပေးကြရတယ်။ မိဘတွေကိုယ်တိုင်ကလည်း သူတို့ကလေးတွေအရွယ်နဲ့မသင့်တော်တဲ့အကြောင်းအရာတွေကို လုပ်ခွင့်မပေးဖို့ ကျောင်းဘက်ကို ပြောပြတတ်ကြတယ်။
ဒါအပြင် တချို့ကျောင်းတွေက ကျောင်းသား၊ သူတွေကို သူတို့အချင်းချင်း ရိုင်းစိုင်းတဲ့အမူအရာပြဖြစ်တဲ့ “လက်ခလယ်ထောင်ပြခြင်း” ကို လုပ်ပြခွင့်မပေးဘူး။ နောက်ထပ် အင်္ဂလိပ်စကားလုံးဖြစ်တဲ့ “F” ဆိုတဲ့ စကားလုံးကို သုံးနှုန်းခွင့်မပြုဘူး။ ဒါတွေကတော့ ဘာ့ကြောင့်ဆိုတာ သိပြီးသားဖြစ်မှာပါ။
အဆိုတော် ဖြူဖြူကျော်သိန်း၊ ဂျေဖိုင်းယား တို့ဖျော်ဖြေသွားတဲ့ “ပညာပန်းတိုင်” ကျောင်းကလုပ်တဲ့ စုံညီပွဲတော်မှာဆိုရင် ကျောင်းသား,သူတွေကို အသားအရောင် ဖြူတာ မည်းတာ မခွဲခြားဖို့၊ အရပ်ရှည်တာ ပုတာ မခွဲခြားဖို့၊
မျက်မှန်တပ်ဆင်ရသူကို မှန်ကြောင်လို့မပြောဖို့၊ မတူညီတဲ့ဘာသာရေးကိုင်းရှိူင်းမှုကို အပြန်အလှန်လေးစားဖို့ကို သူတို့က ကိုယ်ကျင့်တရားလေးတွေ နားထဲအရောက်ထည့်ပြောပေးသွားတာ အတော်ကောင်းတယ်။ ကျောင်းသားတစ်ယောက်၏ဘဝမြင့်တက်စေဖို့အလို့ငှာ ဆရာ, ဆရာမတွေရဲ့ သွန်းသင်ဆုံးမ နည်းလပြသမှုဟာလည်း အလွန်အင်မတန်အရေးကြီးပါတယ်။
နံပါတ်(၃) ပတ်ဝန်းကျင်။ ကလေးငယ်ကျင်လည်နေတဲ့ပတ်ဝန်းကျင်ကို ဆန်းစစ်ပါ။ သူ့ကို ဘယ်လိုပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံခိုင်းချင်လဲ၊ အလွန်အရေးကြီးတယ်နော်၊ တချို့အရာ အသိတွေ အပြောအဆိုတွေ အမူအရာတွေက ပတ်ဝန်းကျင်အထိအတွေ့ကတဆင့် အတုယူလာပြီး လက်တွေ့အသုံးချလာကြတာ၊ မိဘတွေက မသင်ပေးပေမယ့် ပတ်ဝန်းကျင်ရဲ့စရိုက်တွေကို ကလေးက အတုယူလာပြီး အိမ်မှာပြန်အသုံးချ ပြောဆိုတတ်လာကြတယ်၊ မိဘအတော်များများသတိထားမိကြမှာပါ။
မိမိကလေးကို ဘယ်လိုပြုစုမှာလဲ၊ နည်းလမ်းမှန်မှန်ဘယ်လိုထိန်းကျောင်းမှာလဲ အလွန်အင်မတန်အရေးကြီးပါတယ်။ မိဘတွေရဲ့ခံယူချက်ထိန်းကြောင်းပုံချင်းမူတည်ပြီး ကလေးငယ်တွေရဲ့အကျင့်စရိုက်တွေဟာ ကွဲပြားလာကြတယ်။ ပေါ့ပေါ့တန်တန်မယူဆပါနဲ့။ လူတစ်ယောက် လိမ်မာစေဖို့ ဘဝကိုတန်ဖိုးရှိရှိဖြတ်သန်းစေဖို့ လူကို လူက ထိန်းကြောင်းရတဲ့အလုပ်ဆိုတာ နည်းလမ်းမှန်ဖို့တော့လိုပါတယ်။ အတုယူမမှားကြစေဖို့ပါ။ နည်းလမ်းမှန်မှန် လမ်းပြဖို့ပါ။ ဆရာဇော်ဇော်မြင့် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
အပေါင်း ၁၈ အသားပေး တေးဂီတ တွေဆိုတာရှိပါတယ်။ နိုင်ငံတိုင်းမှာ ရှိမှာပါပဲ။ ရှုတ်လည်းမရှုတ်ချသလို ကြိုက်လည်းမကြိုက်ပါဘူး။ သူ့ဖာသာသူ ရှိတာလည်း ကိုယ့်အတွက် ပြဿနာမရှိပါဘူး။ ကိုယ်လည်း မူးလာရင်တော့ ဝီစပန့်သယ်နိုက်တူဂဲသား တူဂဲသား အင်မိုင်ရွန်း ဆိုပြီး ပုဆိုးကွင်းသိုင်း က ဖူးတာပဲ။
ခု နာမည်ကြီးနေတဲ့ မောင်လေးစား မောင်လေးစား မောင်လေးအားရပါးရစား ဆိုတာ အပေါင်း ၁၈ အသားပေး တေးသီချင်းတစ်ပုဒ်ပါ။ သူ့ဖာသာ ပေါက် နေတာ ကိုယ့်အတွက် ပြဿနာမရှိပါဘူး။ ပြဿနာက ဘာလဲဆိုတော့ ဆရာ၊ဆရာမ တွေက ပညာရေးစုံညီပွဲတော်မှာ အဲဒါကြီးနဲ့ ကျောင်းစတိတ် ပေါ်မှာ က နေကြတာပဲ။ ၂ ခုရှိပြီ တွေ့နေတာ။
ဆရာ ဆိုတာ သောတာပန်ပုဂ္ဂိုလ်လို နေရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာ ဆံရှည်ကြီးတွေနဲ့ ဆရာတွေ၊ တက်တူးအပြည့်နဲ့ ဆရာမတွေ ရှိပါတယ်။ သင်ကြားရေးကောင်းနေသရွေ့၊ ကျင့်ဝတ်လိုက်နာသရွေ့၊ ဆရာတွေပါပဲ။
ဆရာကျင့်ဝတ်တွေထဲမှာ အရွယ်မရောက်သေးသူ minor တွေကို အပေါင်း ၁၈ ရေးရာလို ကိစ္စတွေဆီကို ပညာပေးတာက လွဲလို့ သူတို့ရှေ့မှာ မလျော်ကန်စွာ မပြုအပ်တာ ပါဝင်ပါတယ်။ ခေတ်စနစ်ရဲ့ လိုအပ်ချက်အရ ပညာရေး pedagogy သင်ကြားရေး နည်းပညာနဲ့ ပညာရေးလုပ်သားခေါင်းဆောင်မှု teacher leadership ကို ဒီပလိုမာတန်းလေးတစ်ခု တက်နေခဲ့ပါတယ်။
ဒီမှာ ဘာလေ့လာရသလဲဆိုတော့ ဆရာကျင့်ဝတ် conducts တွေရှိပါတယ်။ တပည့်တွေရှေ့မှာ အလုပ်ချိန်မှာ ဆေးလိပ်သောက်တာလို အပြုအမူတွေကိုတောင် ရှောင်ကျဉ်ရပါတယ်။ နောက်ပြီးမှ အလုပ်ချိန်ပြီး ကွယ်ရာမှာ ဘိသွားသွား၊ ပိုကာဒေါင်းဒေါင်းပါ။
ခုလိုမျိုး အဖြူနဲ့အစိမ်းကြီးဝတ်ပြီး ဇွန်သင်ဇာကကွက်တွေနဲ့ မောင်လေးစား မောင်လေးစား ဆိုပြီး စုံညီပွဲတော်မှာ ဒွန့်တာကျတော့ conducts ကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ ပရိုက်ဗိတ်ပါတီမှာ ရှူလည်း ဘာမှ မပြောလိုဘူး။ ကျောင်း hall ထဲမှာ ကလေးတွေကို အညှောင့်သင်နေသလို ဖြစ်နေလို့ပါ။ (Thantzin Soe)