လယ်တီဆရာတော်ဘုရားကြီး၏ ကပ်ကျော် “ပထရမ စမ” တံဆိပ်၊ “ပထရမ” ၏အဓိပ္ပါယ်မှာ ရှေ့ဦးစွာ သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား၊ ရှေးဦးစွာ တရားထူးတရားမြတ်ကို သိတော်မူသော မြတ်စွာဘုရား လို့ အနက်ရပါ၏။
ပဉ္စ ဗုဒ္ဓါ အရံသီဟိ ထ တွာ နိစ္စံ ဇယံ ဒေန္တု ။ ရ ဝံ သုတွာန မံ သီသေ မ မံ ဇနာဘိ မာ နေ န္တု ။ ပ ထ မ နရ၊ အရဟံ ဘဂဝါ ။
ရှေ့ဆရာများ လွန်စွာအားထားသော ဤ “ပထရမ” စမ သည် အသုံးလွန်စွာ ကျယ်၏။ ဤပထရမ စမပုံအား လက်ကိုင်ဖုန်းများတွင်၄င်း အိမ်အဝင်တံခါးဝများ ကားရှေ့မှန်များ တွင် Print ထုတ်ပြီး ပူဇော်နိုင်သည်။ အန္တရာယ်ကင်းသည် လာဒ်ရွှင်သည်ဟု ရှေးအခါက သဒ္ဓါတရားထက်သန်စွာဖြင့် ယုံကြည်ကြသည်။ ဤစမကို ရေးဆွဲရာမှာ လယ်တီဆရာတော်ကြီးနဲ့ တိုင်ပင်ခဲ့တယ်လို့ ဆိုထားပြီး မြန်မာပြည်အနှံ့ ကပ်ရောဂါဘေးတွေ ကြုံတုန်းက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ပထရမ စမ တံဆိပ်တော် ဖြစ်ပေါ်လာခြင်းအကြောင်း၊ လယ်တီဆရာတော်ဘုရားကြီးသည် ရောဂန္တရဒီပနီကျမ်းကို ရေးသားနေတော်မူစဉ် အလွန် ထူးခြားသော တစ်ကြောင်းဆွဲ အန္တရာယ်ကင်း ပထရမ အက္ခရာ တံဆိပ် ကို ပလိပ်ရောဂါ ကာကွယ်ရာ၌ အသုံးပြုရန် ဆရာရသေ့တစ်ဦးက ညအခါ တိတ်တဆိတ် လာရောက်၍ ကပ်လှူခဲ့ပါသည်။ ဤသို့ ပထရမ တံဆိပ် ထူးကို လယ်တီဆရာတော်ဘုရားကြီး လက်ခံရရှိတော်မူပုံတို့ကို အကြောင်းနှင့် စပ်၍ လယ်တီ ဦးဝဏ္ဏိတ ကိုယ်တော်က အောက်ပါအတိုင်း မှတ်တမ်းတင် ရေးသားထားပါသည်။
ထိုင်းနယ်စပ်တွင်နေထိုင်သော ရသေ့ဆရာသည် ဆရာတော်ဘုရားကြီး ခြေတော်ရင်းသို့ အဖူးအမြော် အကန်တော့ ရောက်ရှိ လာ၏။ ရသေ့ဆရာသည် ဆရာတော်ဘုရားကြီး အား ဤသို့ လျှောက်ထား၏။ ဆရာတော်ဘုရားကြီးသည် ပလိပ်ကပ် ရောဂါကို ကာကွယ်ရန် ရောဂန္တရဒီပနီကျမ်းစာအုပ် စီရင်တော်မူသည်ဟု ကြားသိရပါသည်။ ဆရာတော်ဘုရားကြီး အက္ခရာ (စ-မ) တံဆိပ် လှူဒါန်းပါရစေ ဟုလျှောက်၏။
ဆရာတော်ဘုရားကြီးသည် ဆရာရသေ့ ၏ အက္ခရာ (စ-မ) တံဆိပ် ၏ အကျိုးအသွားနှင့် အကြောင်းအရာ စုံလင်စွာ ပြောပြ စေလိုကြောင်း အမိန့်တော်ရှိရာ ရသေ့ဆရာက – တစ်နေ့သ၌ တပည့်တော် ဆွမ်းခံနေသော တောရွာကလေးမှာ ပလိပ်ကပ်ရောဂါဖြစ်ပါ သည်။ ညဉ့်အခါ အိပ်မက်မြင်မက်သည်မှာ တပည့်တော်၏ ကျောင်းသင်္ခမ်းသို့ ဝတ်ဖြူစင်ကြယ်နှင့် လူဆယ်ယောက်ခန့် တက်လာပါသည်။
အကြီးအမှူးပြုလုပ်သူက တပည့်တော်အားပြောဆိုသည်မှာ ဆရာရသေ့၏ အပေါ်၌ ကျေးဇူးများနေသော ရွာငယ်ကလေး၌ ပလိပ်ရောဂါ ဖြစ်နေသည်ကို အဘယ့်ကြောင့် လျစ်လျူရှုနေသနည်း ဟုပြောဆိုပါသည်။ ထိုအခါ တပည့်တော်က ထိုအန္တရာယ်ကို ဆရာရသေ့ ပျောက်ငြိမ်းအောင် မတတ်နိုင်ပါ ဟုပြန်ပြောပါသည်။ ဒါဖြင့် ထိုအန္တရာယ် ကို ပျောက်ငြိမ်းရန် နည်းကောင်းပေးပါမည်။ ခဲတံ နှင့် စက္ကူပေးပါ ဟုတောင်းရာ တပည့်တော်က တောထဲ၌ ခဲတံ နှင့် စက္ကူ ဘယ်မှာရှိမ လဲ ဟုပြောပါသည်။
ထိုအခါ အကြီးအမှူးပြုလုပ်သူက နောက်ပါ လူတစ်ယောက်အား သစ်ရွက်တစ်ခုကို အခူးခိုင်းလုက်ပါသည်။ ကျောင်း ၏ လှေခါးရင်းတွင်ရှိသော ငှက်ပျောရွက်တစ်ရွက်ကို ခူးယူခဲ့ပါသည်။ ၎င်း ငှက်ပျောရွက် ပေါ်တွင် တစ်ကြောင်းဆွဲ အက္ခရာ (ပထရမ စ-မ)တံဆိပ်ကို ရေးဆွဲပြီး အဲဒီ အက္ခရာတံဆိပ်သည် ပလိပ်ကပ်ရောဂါကိုပျောက်ငြိမ်းစေတတ်သည် ဟုပြောပြီး ပျောက်ကွယ် သွားကြပါသည်။
နံနက်မိုးလင်းသောအခါ အနားတွင်ချထားသော ငှက်ပျောရွက်ကိုကြည့်ရှုရာ အက္ခရာ(စ-မ)တံဆိပ် ကိုတွေ့မြင်ရ၍ ထန်းရွက် ပေရွက် စလူရွက် တို့တွင်ရေးပြီး ရေတွင်စိမ်၍ တိုက်ခြင်း ပက်ဖြန်းခြင်း လည်ပင်း၌ ဆွဲထားခြင်း စသည်တို့ကိုပြုလုပ်ရာ နေ့ချင်း ညချင်း ပျောက်ကင်းသွားပါကြောင်း သို့ပါ၍ ဆရာတော်ဘုရားကြီးသည် တစ်နိုင်ငံလုံး၏ ကျေးဇူးရှင်ကြီး ဖြစ်တော်မူသည့်အတိုင်း ဤ အက္ခရာ (စ-မ) တံဆိပ် ကို အသုံးပြုတော်မူပါဘုရား ဟုလျှောက်ကြားသွားပါသည်။
လယ်တီဆရာတော်ဘုရားကြီးသည် ၎င်းအက္ခရာ(စ-မ)တံဆိပ်ကို မီးခြစ်စည်သွပ်ပြားတွင် ရေး၍ လက်ဖွဲ့ပြုလုပ်ပြီးလျှင် ဘုရားရှေ့တော်တွင် ဂုဏ်တော်ကိုးပါး နှင့် ၂၄ ပစ္စည်းတို့ကို ရွတ်ဖတ် မန်းမှုတ်ပြီးလျှင် မိမိထံသို့လာ၍ဖြစ်စေ တရားပွဲများ၌ဖြစ်စေ နွားသား ကျွဲသား ရှောင်ရန် ကတိထားသူတို့ကို ဦးစွာပထမ တစ်လုံးစီချီးမြှင့် တော်မူခဲ့ပါသည်။
မည်သည့်ကပ်ဘေးမှ မဆို လွတ်ကင်းအောင် မေတ္တာဓါတ်ကိုဆောင် သရဏဂုံတည်လို့ ဂုဏ်တော်ပွါး၍ ပဋ္ဌာန်းဒေသနာတော်ပူဇော်ကြပါ နတ်မင်းကြီးများ အထက်ဝိဇ္ဇာဆရာများ သူတော်ကောင်းတို့၏မေတ္တာဓါတ်ကို နေ့စဉ်ခံယူပါ အစားတွေလုစားကြခြင်းထက် လူတိုင်းစိတ်ရင်းနဲ့ မိမိကိုယ်ကိုယ် မေတ္တာပို့ရာကစလို့ တကမ္ဘာလုံး စကြာဝဠာချီ၍ မေတ္တာပို့ခြင်းဖြင့် မြန်မာပြည်အေးချမ်းစွာအောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေ၊ လယ်တီဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်းစမ တံဆိပ်တော်ကိုယုံကြည်စွာဆောင်နိုင်ကြပါစေ၊ ကိုယ်တွင်းတရားတွေကိန်းအောင်းနိုင်ကြပါစေ။ (လင်းညှို့တာရာ)