အထွေထွေဗဟုသုတ

ရွှေဈေးဆိုပြီး ဘယ်သူတွေက သတ်မှတ်တာလဲ? ရွှေဈေး တွက်ချက်ပုံအဆင့်ဆင့်များ

ရွှေဈေးဆိုပြီး ဘယ်သူတွေက သတ်မှတ်တာလဲ? ရွှေဈေး တွက်ချက်ပုံအဆင့်ဆင့်များ

မြန်မာနိုင်ငံ မှာ ရွှေဈေးနှုန်း ကို ၁ ကျပ်သား အခေါက်ဈေးနှုန်းနဲ့ ပြောကြတယ်။ မီးလင်းနဲ့ အခေါက်ရွှေ အခေါ်ကွဲတာ အတူတူပဲ။ ရွှေဈေးကို အကယ်ဒမီတံဆိပ်ရွှေပေါ်မှာ စံထား ဈေးသတ်မှတ်တယ်။ ရွှေဈေးလို့ပြောတာနဲ့ အကယ်ဒမီဈေးကိုပြောတယ်ဆိုတာ…

ရွှေလောက ကလူတွေက အော်တို သိပီးသား။ ဘာလို့အကယ်ဒမီကို စံအဖြစ်ထားလည်းဆိုတော့… သူက နာမည် ရှိပြီးသား… လူအများကလက်ခံလို့။ တစ်ပိုင်းကို တစ်ဆယ်သား။ တစ်ထုပ်ကို ၁ ပိဿာလို့ခေါ်ကြတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ကို တစ်ပိုင်းကစ အနည်းဆုံးလုပ်ကြတယ်။

အခြားတံဆိပ်တွေကို ” ကြား” လို့ခေါ်ကြတယ်။ ဆိုင်သမားအများစုကတော့… ကျိုပီး အထည်ခတ်မှာဆိုတော့ ကြားတံဆိပ်ပဲ သုံးကြတယ်။ ရွှေဈေးကို ဘယ်သူ သတ်မှတ်တာလဲ…? ရွှေဈေးကို အကယ်ဒမီ aရွှဆိုင်ကလည်း သတ်မှတ်တာ မဟုတ်ဘူး။

ဘယ်ရွှေဆိုင်၊ ဘယ်သူကမှ သတ်မှတ်ပေးတာ မဟုတ်ဘူး။ ရွှေဈေးကို ရွှေအသင်းမှာ ရောင်းမယ့်သူ၊ ဝယ်မယ့်သူ၊ ပွဲစားတွေ တွေ့ဆုံပီး ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနဲ့တွက်… ရောင်းလိုအား၊ ဝယ်လိုအားပေါ်မူတည်ပီး ဈေးဖွင့်ကြ… အရောင်းအဝယ် စဖြစ်သွားတဲ့ဈေးကို

အဲ့နေ့ ရွှေဈေးအဖြစ် စသတ်မှတ်တယ်။ ကမ္ဘာ့ဈေး၊ ဒေါ်လာဈေးအပြောင်းအလဲ၊ ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည် ဈေးတိုးရောင်း ဈေးလျော့ရောင်းကျရင်း ဈေးအတက်အကျ ဖြစ်တယ်။ အကြမ်းဖျင်းအားဖြင့်… ရန်ကုန်ရွှေဈေး မနက် ၁၁ လောက်ဆို အရင်က စ ဖွင့်ပီ။

ခုနောက်ပိုင်းကတော့… ၁၂ ကျော်မှ ဖွင့်တော့တယ်။ ရွှေဆိုင်တွေ မနက်ခင်း ဖွင့်ကြတဲ့ဈေးတွေက မနေ့က ပိတ်ဈေး ၊ မနက်ခင်း ကမ္ဘာ့ရွှေဈေးပေါ် မူတည် တွက်ပီး အကြမ်းဖွင့်ရောင်းဝယ်ကြတာ။ ကမ္ဘာရွှေဈေးနှုန်းကို တစ်အောင်စဈေးနဲ့ ပြောတယ်။

ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးနဲ့ မြှောက်… 1.875 နဲ့ စားလိုက်ရင်… အကြမ်းမြန်မာ့ဈေး မီးလင်း ၁ ကျပ်သားဈေးရတယ်။ (ပြည်တွင်း ရောင်းလိုအားဝယ်လိုအားပေါ် မူတည်ပြီး အတိုးအလျော့ရှိပါတယ်) ဥပမာ… ဒီနေ့ ကမ္ဘာ့ရွှေ ၁ အောင်စဈေးက 1717 ။ ဒေါ်လာဈေးက 3600 ဆို

နိုင်ငံခြာငွေနှစ်ခုမြှောက် 1.875 နဲ့စား = 3295000 ကျပ်… မီးလင်း ၁၆ ပဲရည် ၁ ကျပ်သားဈေးရတယ်။ (ဈေးကွက် ရောင်းလိုအား ဝယ်လိုအားပေါ်မူတည် အနည်းအများပြောင်းတယ်) 1.875 နဲ့ ဘာလို့စားရသလဲဆိုတော့… ရွှေတစ်အောင်စမှာ 1.875 ကျပ်သားရှိလို့ ။

၁ ကျပ်သားဈေးလိုချင်တော့… အနည်းလို အများစားခြေနည်းနဲ့ တွက်တာ။ ကမ္ဘာ့ဈေးကို အင်တာနက်မှာ gold price လို့ ရိုက်ရှာလိုက်ရင် တွေ့တယ်။ ၁ ပဲ = ၈ ရွေး။ ၁ ကျပ်သား = ၁၆ ပဲ = ၁၂၈ ရွေးရှိတယ်။ ၁၅ ပဲရည် (ပဲစပ်)… ဘာလို့ ၁၅ ပဲရည် (ပဲစပ်)လို့ ခေါ်သလဲဆိုတော့…

ကြေးနီ ၁ ပဲ စပ်ထားလို့… ရွှေ ၁၅ ပဲ ဘဲပါတော့လို့။ ၁၄ ပဲရည်ဆို ၂ ပဲစပ်။ ၁၃ ပဲ ရည်ဆို ၃ ပဲစပ်။ ပဲစပ်ဈေး လိုချင်ရင် 16 ကို 17 နဲ့စား၊ မီးလင်းဈေးနဲ့ မြှောက်။ ဘာလို့ 17 နဲ့ စားရသလဲ ဆိုတော့…

ကြေး ၁ ပဲစပ်ထားလို့။ ၁၅ ပဲရည်ဈေးလိုချင်တော့ အနည်းလို အများစားခြေစနစ်နဲ့တွက်တာ။ ၁၄ ပဲ ၂ ပြား ဒင်္ဂါးဈေးလိုချင်ရင်… 16 ကို 17.5 နဲ့ စား၊ မီးလင်းဈေးနဲ့ မြှောက်။ ဘာလို့ 17.5 နဲ့ စားရသလဲဆိုတော့… တစ်ပဲခွဲ ၁၂ ရွေးစပ်တာ မလို့။ အပေါ်နည်း အတိုင်း။

ဥပမာ… ပဲစပ်ဈေးတွက်မယ်ဆို…

16 ကိုတည် 17 နဲ့စားတော့ 0.941176…. ရတယ်။ ရတာကို ဒီနေ့မီးလင်းဈေး ၃၁ သိန်းမြှောက် 2917000 ရတယ်။ အဲ့တာ ၁၅ပဲရည် တစ်ကျပ်သားဈေးပဲ။ ၁၃ပဲရည်လိုချင်ရင်… သူက ၃ပဲစပ်ဆိုတော့ 16ကိုတည် 19 နဲ့စား မီးလင်းဈေးနဲ့မြှောက် ဒါပဲ။

နိုင်ငံခြားက လာတဲ့ အထည်တွေမှာ ရေးထားတဲ့ 24K ဆို အခေါက်ရွှေ၊ 22K ပဲစပ်၊ 18K ၁၂ ပဲရည်လို့ သတ်မှတ်ခေါ်တယ်။ မြန်မာ့ရွှေဈေးကွက်က နည်းစနစ်တကျ ဖွဲ့စည်းလုပ်ကိုင်တဲ့ ခိုင်မာ မှန်ကန်တဲ့ဈေးကွက်တော့ မရှိသေးဘူး။ လူယုံကြည်မှုလေး နဲ့ လုပ်ကြတာ များတယ်။

ဒါ့ကြောင့် ဈေးကမောက်ကမဖြစ်တယ်… ရှုံးရင် ခဏခဏထွက်ပြေးကြတယ်။ တစ်ချိန်မှာ လူတိုင်းလုပ်ရလွယ်ကူတဲ့ အချိန်မရွေးရောင်းဝယ်လို့ရတဲ့ ခိုင်မာတဲ့ E Trade ရွှေဈေးကွက်တစ်ခု ဖြစ်လာဖို့ လိုတယ်။ ဒါမှ နိုင်ငံတော်လည်း အခွန်ရ အားလုံးလည်း အာမခံရှိ အဆင်ပြေမှာ။

အကယ်ဒမီရွှေနဲ့ အခြားရွှေ ဘာကွာလဲ… ယေဘူယအားဖြင့် ဘာမှ မကွာကြဘူးလို့ ပြောလို့ ရတယ်။ အကယ်ဒမီက သက်တမ်းကြာပီ နာမည်ရှိတယ်… ရွှေရည်ကောင်းတယ်၊ စိတ်ချရတယ် ဆိုပီး အများလက်ခံလို့ အကယ်ဒမီ တံဆိပ်ကို စံအဖြစ် ထားလုပ်လိုက်တာ။

စံထား အရောင်းအဝယ် လုပ်သူများတော့ အခြားတံဆိပ်တွေထက် ဈေးတစ်သောင်း ပတ်ဝန်းကျင်ခန့် ပိုတက်ပါတယ်။ ဒါကြောင့် ဈေးကွက်ဖွင့် အကယ်ဒမီရွှေဈေးနဲ့ ရွှေဆိုင်တွေပေါက်ဈေးက သောင်းဂဏန်း ကွာနေတတ်တယ်။ ၁ ကျပ်သား ၂ ကျပ်သား ဖြတ်စ အတုံး ဝယ်မယ်ဆိုရင်တော့…

ဘာတံဆိပ်ဝယ်ဝယ် အတူတူပါပဲ။ နိုင်ငံခြားမှာတော့… အခေါက်ရွှေမီးလင်းဆို အကုန် အတူတူပဲ။ ကျနော် နေ့စဉ်တင်ပေးနေတဲ့ဈေးက ဈေးကွက်က စဖွင့်တဲ့ အကယ်ဒမီရွှေပေါက်ဈေး အမှန်ပါ။ ဟိုဆိုင်နဲ့ ကွာတယ်၊ ဒီဆိုင်နဲ့ကွာတယ် လာလာပြောနေကြလို့။ကျေးဇူးပါ.. ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကြပါစေ.. ကျော်ကြီး (MDY)

ခရက်ဒစ်#ကျော်ကြီး (MDY)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *