အထွေထွေဗဟုသုတ

လူသာ သေသွားပေမယ့် နာမည်မသေတဲ့ မြန်မာပြည်ရဲ့ သဘာဝမင်းသား ဒွေး (ခ) ကိုသားကြီးအကြောင်း

ကိုသားကြီးကိုသားကြီး ခေါ် ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ မောင်ထင်လင်း ( ခေါ် ) သားကြီး ဖြစ်ပါတယ်။

YIT မှ စက် မှုအင်ဂျင်နီယာဘွဲ့ ရရှိထားတဲ့ ဒွေးဟာ သရုပ်ဆောင်လောကထဲ မဝင်ခင်မှာ အဆိုတော် တစ်ယောက် ဖြစ်ချင်ခဲ့တာလို့ သိရပါတယ်။

မမျှော်လင့်ပဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်လောကထဲသို့ စတင်ရောက်ရှိလာခဲ့ပြီး ထင်လင်းဆိုတဲ့ အမည်ရင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒွေးလို့ အမည်ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဦးလေးဖြစ်သူ ဒါရိုက်တာ ဦးကျော်ဟိန်း ရိုက်ကူးခဲ့တဲ့ဒုက္ခကို အရောင်ဆိုးတယ် အမည်ရှိ မူး ယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနဲ့ လည်းကောင်း၊ ဝေလည်းမွှေး ကြွေလည်းမွှေး ရုပ်ရှင်ကားနဲ့လည်းကောင်း ပရိတ်သတ် အားပေး အသိအမှတ်ပြုမှု စတင် ရရှိခဲ့ပါတယ်။

ဒွေးသည် မပပဝင်း (ခ) မမိုးမိုးနှင့် အိမ်ထောင်ကျသည်။ဦးလေးဖြစ်သူ ဦးကျော်ဟိန်းရဲ့ လမ်းညွှန်ဆွဲခေါ်မှုကြောင့် ရုပ်ရှင်နဲ့ ဗီဒီယိုလောကထဲမှာ စူပါမင်းသားတစ်လက် ဖြစ်ခဲ့ပါတယ်။

ဒွေးဟာ ၁၉၉၇ ခုနှစ်တွင် အမေ့ခြေရာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသား ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ဒါ့အပြင် ရုပ်ရှင်ကားကြီးများ၊ ဗီဒီယို ကားများနဲ့ ကြော်ငြာပေါင်း မြောက်မြားစွာကို ရိုက်ကူးခဲ့ပါတယ်။ ဒွေးကိုယ်တိုင် ဒါရိုက်တာအဖြစ် နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာ နှင်းဆီမိုးတိမ် ဖြစ်ပါတယ်။

ရုပ်ရှင်လောကဘက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ဂီတလောကဘက်မှာလည်း သီချင်းပေါင်း အပုဒ် ၃၀ ကျော်ကို သီဆိုခဲ့ပါတယ်။ဒွေး ရဲ့ တစ်ခုတည်းသော တစ်ကိုယ်တော် အယ်လ်ဘမ်ကတော့ ထွန်းလင်းခွင့်ပေးပါ ဆိုတဲ့ တေးစီးရီး ဖြစ်ပါတယ်။

အကယ်ဒမီ ဒွေး ဟာ သူလျှမ်းလျှမ်းတောက် အောင်မြင်မှု ရရှိနေချိန်မှာပဲ မမျှော်လင့်ပဲ နှလုံးရောဂါ နဲ့ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် ညနေ (၅ နာရီ )တွင် အမှတ် ၃၄ စီ ၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်မှာပဲ သူချစ်သော ပရိသတ်ကြီးကို ထာဝရ နှုတ်ဆက် သွားခဲ့လေတော့ပါတယ်။

ကွယ်လွန်ချိန်မှာတော့ အသက် ( ၄၂ ) နှစ် ရှိပြီ ဖြစ်ပါတယ်။ ဇူလိုင် ၁၃ရက် မနက် ၄ နာရီ၌ နေအိမ်တွင် ပင့်သံဃာတော် အရှင်သူမြတ်များထံမှ သီလခံယူကာ ရေစက်ချ အမျှဝေခဲ့သည်။

ထို့နောက် မနက် ၅:၀၀ နာရီတွင် ရေဝေးအအေးတိုက် မှ တစ်ဆင့် ရေဝေး သုဿန်တွင် မီးသဂြိုဟ်ခဲ့သည်။
ဒွေး၏အရိုးပြာကို ပြန်လည်သယ်ဆောင်ကာ ချောင်းဝဘုန်းကြီးကျောင်း၌ ကိုသားကြီး (ခ) ဒွေး၏ ပုံတူရုပ်ထုနှင့် သူရရှိခဲ့သော အကယ်ဒမီ ရွှေစင်ဆုကို သူဆောက်လုပ် လှူဒါန်းခဲ့သော ချောင်းဝဘုန်းကြီးကျောင်းရှိ အကယ်ဒမီကျောင်း၌ အမှတ်တရ ထားရှိထားသည်။

ကိုသားကြီး မကွယ်လွန်ခင်မှာ နောက်ဆုံးရိုက်လက်စ ကားကတော့ ဒါရိုက်တာ ချိုတူးဇော် ရိုက်တဲ့ ကမ္ဘာတစ်ခြမ်းည ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဒွေး ၊ ဆုရွန်းလဲ့ တို့ပါဝင်ပြီး ဒီကား ရိုက်ကူးဆဲမှာပင် ကွယ်လွန်သွားတဲ့အတွက် အနုပညာရှင် မောင်နှမအားလုံးက ကရုဏာ နှမြောတသ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိုက်ရန် ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများအပြားလည်း ရှိနေပါသေးတယ်။ ညီဖြစ်သူ သားညီနဲ့လည်း တေးစီးရီး အခွေထုတ်ဖို့ စီစဉ်နေဆဲကာလ ဖြစ်တယ်လို့ သိရပါတယ်။

ပန်းချီလက်ရာ

ဒွေး မကွယ်လွန်ခင် ဆွဲခဲ့သော ပန်းချီလက်ရာများအား ဒွေးကွယ်လွန်သည့် (၂)နှစ်ပြည့် အမှတ်တရအဖြစ် ရန်ကုန်မြို့ ၃၄ လမ်းရှိ Azada ခန်းမ၌ ၂၀၀၉ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ၅ ရက် ပြသ ရောင်းချသည်။

ဒွေး၏ လက်ရာ ၁၁ ကားရှိပြီး ရသည့်ငွေကို စာနယ်ဇင်း ရန်ပုံငွေအဖြစ် လှူဒါန်းသွားသည်။လင်းလက်နေတဲ့ အနုပညာ ကြယ်တစ်ပွင့် ကြွေလွင့်သွားရှာခဲ့ပေမယ့် ပရိတ်သတ်အတွက် သူဖန်တီးထားရှိခဲ့တဲ့ အနုပညာလက်ရာတွေကတော့ ယနေ့ထက်တိုင် ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။

crd,ဝီကီပီးဒီးယား

Leave a Reply

Your email address will not be published. Required fields are marked *