အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မဓမ္မပြုကျင့်ပြီး သ.တ်ဖြ.တ်ခဲ့သူ ၄ ဦး
မူဆယ်မှာ အမျိုးသမီးငယ်တစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ၄ ဦး သေဒဏ်နဲ့ ထောင်ဒဏ် ချမှတ်ခံရ
စက်တင်ဘာ ၂၃ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ လူငယ်အမျိုးသား ၄ဦးကို မူဆယ်မြို့ ဒုခရိုင်တရားရုံးက ဒီနေ့မနက် ၁၁ နာရီခန့်မှာ သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မိသားစုဝင်တွေနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက မိသားစုဝင်တွေက တညလုံး စိတ်ပူနေတာ။ အမိန့်ချမယ့်အပေါ် တရားမျှတမှု မရှိမှာကိုလည်း စိုးရိမ်တယ်။ ဘာလို့ဆို ကျမတို့မှာက အများကြီး နစ်နာဆုံးရှုံးခဲ့ရပြီလေ။ ကလေးမက ဒီလိုဖြစ်သွားတော့ သူ့အမေလည်း အဲ့စိတ်နဲ့ပဲသေသွားရတယ်။ အခု သူ့အဖေလည်း အဲ့စိတ်နဲ့ပဲ အိပ်ယာပေါ် လဲနေတယ်။
ခက်ခက်ခဲခဲ စိတ်ဆင်းရဲမှုမျိုးစုံနဲ့ ကြုံနေရတယ်။ အဲ့ကြောင့် လက်ရှိ တရားစီရင်ပေးသွားတဲ့အပေါ် ကျေနပ်ပါတယ်။ ကျေးဇူးလည်းတင်တယ် လို့ ပြောပါတယ်။
မူဆယ် ခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေနဲ့ ကျူးလွန်သူ ချောက်ရို့၊ မောင်ထွေးခေါ် အားရှန်နဲ့ အားရှင်ခေါ် မြင့်ဦးတို့ကို သေဒဏ်နဲ့ အားချန်ခေါ် သိန်းဦးကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလူငယ်အမျိုးသား ၄ ဦးဟာ လွန်ခဲ့တဲ့ မတ်လ ၁၂ ရက် ညနေ ၃ နာရီခန့်မှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်က ကချင်သင်္ချိုင်းအတွင်းမှာ အဆိုပါ အမျိုးသမီးငယ်တစ်ဦးကို အုပ်စုလိုက် အဓမ္မကျင့်ကာ သတ်ဖြတ်ပြီး အမျိုးသမီးငယ်ရဲ့ ကားကိုပါ လုယူသွားခဲ့တာ ဖြစ်ပါတယ်။
ပြစ်မှုထင်ရှားလို့ ၎င်း ၄ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပေမယ့် လာဘ်ထိုး လာဘ်ယူတာနဲ့ အယူခံတက်ပြီး အမှုတွေ ပြန်လျော့သွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့နယ်မှာ အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်ခံရတာတွေအပြင် လူသတ်မှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေက လစဉ်ဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖော်ထုတ်နိုင်တာတွေက အားနည်းနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရွှေဖီမြေ