ကြားသိရသမျှ

ရန်ကုန်လေဆိပ်က လဝကဝန်ထမ်းရဲ့ အရမ်းရှက်ဖို့ ကောင်းတဲ့လုပ်ရပ် (ရစ်ချင်၊ ညစ်ချင်ကြတုန်းပဲလား)

စလုံး အလုပ်အကိုင်ပေ့မှာ ရန်ကုန် လေဆိပ် လဝက နဲ့ ပတ်သက်ပြီး တင်ထားတာ တစ်ခု တွေ့လို့ပါ။ အမျိုးသမီး တစ်ဉီး (၁၄-၉-၂၀၂၂) ရက်နေ့က ပတ်စပို့ PV (အလည်အပတ် ပတ်စ်ပို့) ကိုင်ပြီးတော့ ရန်ကုန် လေဆိပ်က နေ ထွက်တယ်၊ အဲဒီမှာ တာဝန်ကျတဲ့ လဝက ဝန်ထမ်း က အထွက် တံဆိပ်တုံး ထုပြီးတော့ အဲဒီ အပေါ် မှာ ဘာရေး လိုက်သလဲ ဆိုတော့ VISIT ONLY (အလည်အပတ် သီးသန့်) ဆိုပြီးတော့ ရေးလိုက်တာ တွေ့တယ်။

ရန်ကုန် လေဆိပ် လဝက ဝန်ထမ်းတွေ ကို ပြောချင်တာက ကိုယ့်နဲ့ ပက်သက်တဲ့ လုပ်ငန်းကိုပဲ လုပ်ချင်၊ ကိုင်စေချင်တယ်၊ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ဟာတွေ ကို ဝင်ရောက် မစွတ်ဖက် စေချင်ဘူး။ ခရီးသွားမယ့်သူက PJ (အလုပ်အကိုင် ပတ်စပို့) ကိုင်ထားတယ်၊ အလုပ်သမားကတ် (OWIC) ကတ် မပါဘူး၊ သွားခွင့် ပေးလို့ မရဘူး၊ လဝကမှာ နာမည်ပျက် (Blacklist) ဝင်နေတယ်၊ ထွက်ခွင့် ပေးလို့ မရဘူး၊ ဒါမျိုး နဲ့ ပက်သက်လာရင် လက်ခံတယ်။

ဒါပေမယ့် တချို့သော သူတွေ အလည်အပတ် ပတ်စပို့ (PV) ကိုင်ထားတယ်၊ ဒီကနေ စလုံးဘက်ကို အလုပ်လျှောက်လို့ ရတဲ့ အချိန်မှာ အလုပ်အကိုင် ပတ်စပို့ (PJ) ချိန်းဖို့က အဆင်မပြေဘူး၊ အားလုံးလည်း အသိပဲ ၊ ပတ်စပို့ရုံးမှာ ကျူအာကုတ် ရဖို့တောင် ပေါက်စျေးက သိန်းချီ ၊ ပိုက်ဆံ ပေးပါမယ် ဆိုတောင်မှ လွယ်လွယ်ကူ မရဖြစ်နေတော့ ၊ အလုပ်ရထားတဲ့သူက အသွား အပြန် လေယာဉ် လက်မှတ် ၀ယ်ပြပီး အလည် သဘောမျိုး နဲ့ ထွက်မှ အဆင်ပြေတယ်။

တစ်ချို့ ကတော့ အလည် နဲ့ထွက်လာပီးတော့ စလုံးရောက်မှ နေခွင့်သက်တမ်း ထပ်တိုး လျှောက်ပြီး အလုပ်ရှာကြတယ်၊ အလုပ်ရပြီး နောက်တကြိမ် ပတ်စပို့ သက်တမ်း ၅ နှစ်ပြည့်လို့ သံရုံးမှာ သက်တမ်း သွားတိုးယင် ဟိုက အလုပ်အကိုင် ပတ်စပို့ (PJ) ပြန်လုပ်ပေးလိမ့်မယ်၊ ဒါတွေကလည်း လဝက နဲ့ လည်း မဆိုင်ဘူး။ လေဆိပ် လဝက ဝန်ထမ်းတွေ အနေနဲ့ ခရီးသည် ကိုင်ဆောင်ထားတဲ့ ပတ်စပို့၊ လေယာဉ် လက်မှတ်တွေနဲ့ နာမည်ပျက် စာရင်း (Blacklist) မဖြစ်ပဲ ညီညွတ်နေရင် တံဆိပ်တုံး ထုပြီး သွားခိုင်း လိုက်ရုံပဲ၊

ပတ်စပို့ ပေါ်မှာ မည်သို့သော အကြောင်းနဲ့ မျှ ကိုယ့်သဘော နဲ့ ကိုယ် ရေးခွင့် မရှိဘူး ဆိုတာ သိထားရမယ်၊ ပတ်စပို့ ဆိုတာ နိုင်ငံသားတွေ ကို နိုင်ငံရပ်ခြား ကို ခရီးသွားဖို့ ထုတ်ပေးထားတာ၊ အဲဒီ အပေါ်မှာ မှ လေဆိပ် လဝက တာဝန်ကျ ဝန်ထမ်းလေ အလည်အပတ် သီးသန့် (Visit Only) လို့ ရေးလိုက်တာ တခြား နိုင်ငံက လဝက ဝန်ထမ်းတွေ ကို တွေ့ရင် ဘယ်လောက် ရှက်ဖို့ ကောင်းသလဲ၊ မြန်မာ လဝက ဘယ်လောက် သိက္ခာကျ ဖို့ ကောင်းသလဲ။

သူ့ဟာသူ တခြား နိုင်ငံ ရောက်သွားလို့ အလုပ်ပဲ လျှောက်လျှောက်၊ အလုပ်ပဲ လုပ်လုပ်၊ အဆင်ပြေ သွားရင် သူ့နောက်မှာ ရှိနေတဲ့ သူ့မိဘ သူ့မိသားစု သူ့သားသမီး တွေ ကို ထောက်ပံ့ ကျွေးမွေး ထားနိုင်မယ်၊ ငါသာ သူ့ နေရာမှာ၊ သူသာ ငါ့ ညီမ ဆိုရင် ကိုယ်ချင်းစာနာ သနားစိတ်လေး နဲ့ လုပ်ပေးလိုက်ယင် ဘယ်လောက် ကြည်နူးဖို့ ကောင်းမလဲ။

အလုပ် လုပ်တာ/ မလုပ်တာ လဝက နဲ့ မသက်ဆိုင်ဘူး။ ငါးခုံးမ တကောင်ကြောင့်လည်း တလှေလုံး မပုပ်စေချင်လို့ပါ၊ အခုလိုမျိုး ဖြစ်ရပ်ကလည်း ကျော်လို့ မကောင်း၊ ကြားလို့မှ မတော် ၊ မလုပ်သင့် မဖြစ်သင့် တဲ့ ဖြစ်စဉ်မျိုး မို့လို့ပါ၊ ရန်ကုန် လေဆိပ် တာဝန်ကျ တဲ့ ဝန်ထမ်းတွေ ကိုလည်း အုပ်ချုပ်တဲ့ သူတွေ က လုပ်တတ်၊ ကိုင်တတ် အောင် စနစ်တကျ သင်ပေး စေချင်ပါတယ်။ ညစ်ချင်၊ ရစ်ချင်တဲ့ စိတ်တွေ ကို ပြင်ပြီး ၊ ဉပဒေ ဘောင်နဲ့ ညီနေပါက မည်သူကို မဆို အပြုံးနဲ့ ကြိုပြီး တတ်နိုင်တာ ကူညီ လုပ်ဆောင်ပေးပါက ပြည်သူချစ်တဲ့ လေဆိပ် လဝက ဖြစ်လာမှာ ဖြစ်ပါကြောင်း။

(Shwetahkahmu Chitthu)

Leave a Reply

Your email address will not be published. Required fields are marked *