အထွေထွေဗဟုသုတ

အန္တရာယ်ရှိသော ဗိုက်အောင့် ဗိုက်နာရတဲ့ အကြောင်းအရင်းများ

အန္တရာယ်ရှိသော ဗိုက်အောင့်ခြင်းများအကြောင်း”

ဗိုက်အောင့်ခြင်းသည် အောင့်သည့်ဗိုက်၏ တည်နေရာနှင့် အောင့်ပုံအောင့်နည်း တို့အပေါ်မူတည်၍အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဝမ်းဗိုက်အတွင်းတွင်ရှိနေသော ကလီစာများမှလာသောပြဿနာများအဖြစ်များပြီး ထိုကလီစာများ၏ ရောဂါများကိုရှာဖွေတွေ့ရှိရန်မှာ ဗိုက်အောင့်သည်ဟုပြောရုံဖြင့် ရောဂါကိုတန်းပြောရန်မဖြစ်နိုင်သကဲ့သို့ မည်သည့်ရောဂါဖြစ်နိုင်သည်ကိုသေချာစမ်းသပ်စစ်ဆေးပြီးမှသိရှိနိုင်ပါသည်။

“ဝမ်းဗိုက်အတွင်းတွင်မည်သည့် အရာများရှိသနည်း”

ဝမ်းဗိုက်သည် နံရိုးအောက်မှစတင်ပြီး တင်ပဆုံရိုး နှင့်ဆီးခုံရိုးအပေါ်ပိုင်းအထိပါဝင်ပြီး အထဲတွင် အရေးကြီးသော အင်္ဂါများစွာရှိပါသည်။ ဝမ်းဗိုက်ကို အဓိကအားဖြင့် ၉ပိုင်းပိုင်းနိုင်ပါသည်။ ထို အပိုင်းများနှင့်ထိုနေရာတွင်အကြမ်းအားဖြင့် အောက်ပါအတိုင်းရှိနေကြပါသည်။

ညာဘက်အပေါ်ပိုင်း – အသည်းနှင့်အူသိမ်ဦးပိုင်း၊ သည်းခြေအိတ်

ဘယ်ဘက်အပေါ်ပိုင်း – အူမကြီး နှင့် ဘေလုံး

ရင်ခေါင်း ပိုင်း – အစာအိမ်နှင့်အစာရေမျို

ညာဘက်ခါးပိုင်း – အူမကြီး၊ အူသိမ် နှင့် ကျောက်ကပ်

ဘယ်ဘက်ခါပိုင်း – အူမကြီး နှင့်ကျောက်ကပ်

ချက်ပတ်လည်ပိုင်း – ပန်ကရိယ ၊အူအသေးများ နှင့်အူမကြီး

ညာဘက်အောက်ပိုင်း – အူအတက်၊ အူမကြီး၊ သားဥအိမ်

ဘယ်ဘက်အောက်ပိုင်း – အူမကြီး၊ အူအဆုံးပိုင်း နှင့် အစာဟောင်းအိမ်၊ သားဥအိမ်

ဆီးခုံအပေါ်ပိုင်း – ဆီးအိတ် ၊ သားအိမ် လမ်းကြောင်း

အထက်ပါတည်နေရာများကို အကြမ်းဖျင်းမှန်း၍ အောင့်သည်နေရာပေါ် မူတည်ပြီး ထိုနေရာတွင်ရှိနေသော အင်္ဂါမှ ပြသနာတစ်ခုခုကြောင့် အဓိကအောင့်သည်ဟု မှန်းဆနိုင်ပါသည်။ သို့သော်… ထိုသို့လည်းတပ်အပ်ပုံသေ ပြော၍မရပေ။ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းသည် နေရာရွေ့ခြင်း၊ နေရာပြောင်းလဲနေခြင်းများလည်း ရှိနိုင်ပါသည်။ ထိုကြောင့်သေချာအောင်စမ်းသပ်မှု၊ စစ်ဆေးမှုများလည်း များစွာလုပ်ရန် လိုအပ်ပါသည်။

အများအားဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းတို့သည် ဝမ်းဗိုက်အတွင်း ပြည့်နှက်စွာရှိနေသောကြောင့် ဗိုက်အောင့်ခြင်းအများစုသည် အဆိုပါ ရောဂါများကြောင့် အဖြစ်များတတ်ပါသည်။

ဗိုက်အောင့်ခြင်းနှင့်အတူ အခြားသောအစာအိမ်အူလမ်းကြောင်း လက္ခဏာများဖြစ်သော အန်ခြင်း၊ ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း၊ လေထိုးခြင်းတို့လည်း တွဲဖက်ဖြစ်ပေါ်တတ်ပါသည်။

“ညာဘက်အပေါ်ပိုင်းအောင့်ခြင်း”

ဝမ်းဗိုက်အပေါ်ညာဘက်ပိုင်း နံရိုးအောက်တွင်အောင့်ခြင်းဖြစ်ပေါ်ပါက ဖော်ပြထားသည့်အတိုင်းအဖြစ်နိုင်ဆုံးမှာ အသည်းရောင်ခြင်း၊ အသည်းကင်ဆာရောဂါ၊ အသည်းပြည်တည်ရောဂါ ၊ သည်းခြေကျောက်တည်ခြင်း၊သည်းခြေပြွန်ရောင်ခြင်းနှင့် အူသိမ်ဦးပိုင်းအနာသို့မဟုတ် အူသိမ် ရောင်ခြင်း တို့ဖြစ်နိုင်ပါသည်။

အသည်းသည် အစာအိမ်နှင့်အူလမ်းကြောင်းတို့၏ အစာချေခြင်းလုပ်ငန်းတွင် သည်းခြေရည်ဟုခေါ်သော bile များကို အစာလမ်းကြောင်းတွင်းထုတ်ပေးခြင်းဖြင့် အစာလမ်းကြောင်းတွင်းရှိ အစာများ အထူးသဖြင့် အဆီများချေဖျက်ရာတွင် ကူညီပေးပါသည်။

အသည်းသည်ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ သည်းခြေအိတ်ရောဂါများတွင် bile ကောင်းစွာမထုတ်နိုင်ခြင်းကြောင့် အဆီများသေချာမဖြတ်နိုင်ဘဲ ပြည့်ခြင်း၊ကယ်ခြင်း၊ အစာမကြေခြင်း၊ လေမကြာခဏတက်ခြင်းတို့ကိုပါ တွဲဖက်ခံစားရတတ်ပြီး ပို၍ဆိုးရွားသော အခြေအနေများတွင်မူ အခါးရည်များ၊ အစမ်းရောင်များအန်ခြင်းကိုလည်း တွေ့ရှိရတတ်ပါသည်။

အသည်းနှင့်သည်းခြေရောဂါရှိသူများသည် အဆီများသောအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။ အူသိမ်ဦးပိုင်း၏တည်နေရာသည်လည်း အစာအိမ်ပြီးလျှင် ညာဘက်သို့ခွေဆင်းလျက်ရှိသောကြောင့် အူသိမ်အောင့်ခြင်းသည်လည်း ဝမ်းဗိုက်အပေါ်ညာဘက် အောင့်ခြင်းဖြင့် ဖြစ်ပေါ်တတ်ပါသည်။

အူသိမ်အနာ၏လက္ခဏာသည် ဝမ်းဗိုက်ညာဘက်ပိုင်းတွင် ပိုအောင့်တတ်ပြီး အစာမရှိလျှင်ဗိုက်ဆာလျှင် ပိုအောင့်တတ်ပြီး အစာစားလိုက်လျှင် သက်သာသွားတတ်သည်။ ညဘက် အစာမရှိလျှင် ပိုပိုအောင့်တတ်သောသဘာဝရှိပါသည်။

စိတ်ဖိစီးမှု stress များလျှင်လည်း အက်စစ်အထွက်များပြီး အူသိမ်အနာများဖြစ်နိုင်သကဲ့သို့ အခြားသောအကြောင်းရင်းများဖြစ်သည့် အစာမမှန်ခြင်း၊ အစာအိမ်ပိုး H.pylori၊ အပူအစပ်နှင့်အကိုက်အခဲပျောက်ဆေးများသည်လည်း အူသိမ်အနာကို ဖြစ်စေနိုင်ပါသည်။

လူငယ်လူရွယ်အများစု အလုပ်လုပ်နေသောအရွယ်တွင် အဖြစ်များလေ့ရှိသော ဗိုက်အောင့်ခြင်းမှာလည်း အဆိုပါ အူသိမ်အနာဖြစ်ရန် အလားအလာများပါသည်။ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း( အစားစားချိန်မှန်မှန်ထားခြင်း၊ အပူအစပ်နှင့် အရက်များရှောင်ခြင်း၊အစာပျော့ပျော့စားခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊) အက်စစ်လျော့နည်းစေသောဆေးများသောက်ခြင်းတို့ဖြင့် အူသိမ်အနာသည်သက်သာပျောက်ကင်းနိုင်ပါသည်။

“ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်း”

ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်းသည် အဖြစ်နည်းတတ်ပြီး များသောအားဖြင့် ဘေလုံးတွင်ပြည်တည်ခြင်း၊ ဘေလုံးကြီးခြင်း၊ အူမကြီးရောင်ခြင်း၊ အူမကြီးကင်ဆာနှင့် အစာအိမ်သည်လည်း ဘယ်ဘက်သို့နည်းနည်းရောက်နေတတ်သောကြောင့် အစာအိမ်အောင့်ခြင်းလည်း ဖြစ်နိုင်ပြီးပြောရခက်ပါသည်။ သာမန်လေထိုးလေအောင့်ခြင်းများသည်လည်း အဆိုပါနေရာအောင့်ခြင်းမျိုးနှင့် လာတတ်ပါသည်။

“ရင်ခေါင်းပိုင်းအောင့်ခြင်း”
ရင်ခေါင်းပိုင်းအောင့်ခြင်းသည် အစာအိမ်၊ အစာရေမျိုဆိုင်ရာရောဂါများကြောင့် အဖြစ်များပြီး အက်စစ်များကြောင့် အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အက်စစ်လျှံတက်သောကြောင့် အစာရေမျိုအောက်ပိုင်းရောင်ခြင်းတို့မှသည် အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်ပါသည်။

အစာအိမ်မှထုတ်လုပ်ပေးသော အက်စစ်သည် ပြင်ပမှအစာနှင့်အတူပါလာသော ဘတ်တီးရီးယားများကိုသေစေပြီး အစာများကို ခြေဖျက်ပေးပါသည်။ ထိုအက်စစ်သည် စားစေတတ်သောဂုဏ်သတ္တိရှိပြီး အစာအိမ်နံရံရှိ ဆဲလ်များမှ mucus barrier ဟုခေါ်သော အကျိအချွဲအမြှေးကို အကာအနေဖြင့် ထုတ်ပေးပြီး အစာအိမ်နံရံကို အက်စစ်၏ စားခြင်းမှ ကာကွယ်ပေးပါသည်။ ထိုမျှခြေအနေအထားပျက်သွားသောအခြေအနေတွင် အက်စစ်သည် အစာအိမ်နံရံကိုစားပြီး အစာအိမ်ရောင်ခြင်းဖြစ်ပါသည်။

အစာအိမ်၏ အက်စစ်ဒဏ်ကိုခံနိုင်သော အစာအိမ်ပိုးတစ်မျိုး ဖြစ်သည့် H.pylori သည်လည်း အစာအိမ်ရောင်ခြင်းကို ဖြစ်စေတတ်ပါသည်။ အခြားသောအစာအိမ်ရောင်ခြင်းကို ဖြစ်စေသောအကြောင်းရင်းများမှာ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ အပူအစပ်များစားခြင်းတို့သည်လည်း အစာအိမ်ကိုကာကွယ်ပေးသော mucus အကျိအချွဲများကို ပျက်စေပြီး အစာအိမ်ကိုအက်စစ်စားခြင်း ဖြစ်ပေါ်ပြီး အစာအိမ်ရောင်ခြင်းဖြစ်တတ်ပါသည်။

အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အက်စစ်၏စားခြင်း ပိုဆိုးလာလျှင် အစာအိမ်အနာဖြစ်ခြင်း ဖြစ်ပေါ်သည်။ အစာအိမ်အနာ၏ ကနဦးလက္ခဏာများမှာ ဗိုက်နှင့် ရင်ခေါင်းတွင်အောင့်နေတတ်ခြင်း၊ အစားစားလိုက်လျှင်ပိုအောင့်ခြင်း၊ အချဉ်ရည်များအန်ခြင်း၊ အပူအစပ်များစားလျှင်ချက်ချင်းအောင့်လာခြင်း၊ ရင်ပူခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ တစ်ခါတရံ နှလုံးကြပ်သကဲ့သို့ရင်ဘတ်အောင့်ခြင်းလက္ခဏာများစတင်ခံစားရတတ်ပါသည်။

“အစာအိမ်ကင်ဆာရောဂါ၏ ကနဦးလက္ခဏာများအဖြစ်”

ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းကို ခံစားရနိုင်ပြီး မြန်မြန်ဆန်ဆန်ပင် ကင်ဆာ၏ပြန့်နှံ့ခြင်း အကျိုးဆက်များကို ခံစားရနိုင်ပါသည်။ မကြာခဏ အစာအိမ်ဆေးများသောက်နေရသည့်တိုင် မသက်သာဘဲ ခံစားနေရခြင်းမျိုးရှိလျှင် သေချာပြသသင့်ပါသည်။ အရေးမကြီးဟုယူဆပြီး နေခြင်းထက် ရောဂါအရင်းအမြစ်ကို သေသေချာချာသိရှိပြီး ကုသမှုခံယူရန် အရေးကြီးပါသည်။

အဘယ်ကြောင့်ဆိုသော် ရင်ခေါင်းတောင့်ခြင်းသည် အရေးတကြီးကုသရန်လိုအပ်သော အစာအိမ်ရောဂါ များ၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။ အရေးကြီးသောလက္ခဏာ များမှာ…

၁။ အသက် ၅၅ နှစ်ကျော်

၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း

၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း)

၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း

၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း

၆။ ဝမ်းမဲမဲသွားခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း

၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း

၈။ သွေးအန်ခြင်း အထက်ပါလက္ခဏာများရှိပါက မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်းသည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ကုသရန် လိုအပ်ပါသည်…

“ညာဘက်ခါးပိုင်းသို့မဟုတ်ဘယ်ဘက်ခါးပိုင်းနာခြင်း”

ခါးနေရာကျောနှင့်ကပ်လျက် ကျောက်ကပ်သည် ဘယ်တစ်လုံး-ညာတစ်လုံးတည်ရှိနေပြီး ကျောက်ကပ်အပေါ်ရှေ့ပိုင်းတွင် အူမကြီး ရှိပါသည်။ ထို့ကြောင့်ခါးနေရာအောင့်ခြင်း၊ နာခြင်းသည် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ ဖြစ်နိုင်ပြီး အောင့်ခြင်းသည် ကျောနောက်အောင့်ခြင်းနှင့်အတူ ဖြစ်ပေါ်တတ်ပါသည်။

ကျောက်သည် ကျောက်ကပ်မှတစ်ဆင့် ဆီးလမ်းကြောင်း (ureter) တစ်လျှောက် ဖြတ်ဆင်းလျှင် နာကျင်ခြင်းသည် ဆွဲဆုပ်ထားသကဲ့သို့အောင့်တတ်ပြီး ခါးမှ ပေါင်ခြံဘက်သို့ နာသည့်ပုံစံမျိုး ဖြစ်ပေါ်တတ်ပါသည်။ အူမကြီးသည်လည်း ကျောက်ကပ်အပေါ်ကပ်လျက်ရှိနေသောကြောင့် လေအောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူမကြီးကင်ဆာကဲ့သို့ ရောဂါများရှိနေလျှင်လည်း အဆိုပါနေရာများနာကျင်ခြင်းသည် အဖြစ်များတတ်ပါသည်။

“ချက်ပတ်လည်ပိုင်းနာကျင်ခြင်း”

ချက်ပတ်လည်ပိုင်းနာကျင်ခြင်းသည် ပန်ကရိယဟုခေါ်သော မုတ်ချိုအိတ်ရောင်ခြင်း အဖြစ်များတတ်ပါသည်။ ပန်ကရိယသည် ကျောဘက်ကပ်ရပ်နားတွင်ရှိနေသောကြောင့် မုတ်ချိုအိတ်ကြောင့်ဖြစ်သော ဗိုက်အောင့်ခြင်းသည် ကျောနှင့်ရင်နှင့် ညှပ်အောင့်ခြင်းဖြစ်တတ်ပါသည်။ အရက်သောက်ခြင်း၊ သည်းခြေကျောက်သည် မုတ်ချိုအိတ်ပြွန်တွင် တည်ခြင်းတို့ကြောင့် မုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များပါသည်။

အူအတက်ရောင်ခြင်းတွင်လည်း တစ်ခါတရံတွင် ချက်ပတ်လည်နာခြင်းနှင့် အစပြုတတ်ပါသည်။ ချက်ပတ်လည်တွင် အူအခွေများလည်း ရှိနေသောကြောင့် ဝမ်းကိုက်ခြင်း၊ အူရောင်ခြင်းတို့တွင် ချက်ပတ်လည်အောင့်ခြင်းဖြစ်တတ်သဖြင့် ချက်ပတ်လည်အောင့်ခြင်းသည် သေချာစမ်းသပ်ပြီးမှ ပြောနိုင်ပါသည်။

“ညာဘက်အောက်ပိုင်းအောင့်ခြင်း”

ဗိုက်ညာဘက်အောက်ပိုင်းအောင့်ခြင်းအများစုသည် အူအတက်ရောင်ခြင်းဖြစ်တတ်ပြီး အူအတက်ရောင်ခြင်းသည် အူအတက်ပေါက်ခြင်းအထိဖြစ်နိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရတတ်ပါသည်။ အူအတက်ရောင်ခြင်း၊ အူအတက်ပေါက်ခြင်းတို့၏ဗိုက်အောင့်ခြင်းသည် ရုတ်တရတ်-တစ်ရက်နှစ်ရက်အတွင်းဖြစ်တတ်ပြီး အန်ခြင်း၊ ဖျားခြင်းတို့နှင့်တွဲတတ်ပါသည်။

အူအတက်ပေါက်ခြင်းကဲ့သို့ပင် သန္ဓေသားသားဥပြွန်တွင်တည်ပြီး သားဥပြွန်ပေါက်ထွက်ခြင်းသည်လည်း ခွဲမရအောင်တူတတ်ပါသည်။ ဗိုက်ညာဘက်အောက်ဘက် အောင့်ခြင်းသည် အခြားသောအူရောင်ရောဂါ၊ အူ တီဘီရောဂါ၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း၊ အမျိုးသမီဆိုင်ရာသားဥအိမ်ရောဂါများနှင့် အူမကြီးကင်ဆာဟူ၍ မျိုးစုံဖြစ်နိုင်ပါသည်။

“ဘယ်ဘက်အောက်ပိုင်း အောင့်ခြင်း”

ဝမ်းဗိုက်၏ဘယ်ဘက်အောက်ပိုင်းတွင် အူမကြီးအဆုံးပိုင်းနှင့် အစာဟောင်းအိမ်ရှိနေသောကြောင့် ဝမ်းချုပ်ခြင်း၊ စမျင်းပိတ်ပြီး အူပိတ်ခြင်း၊ အူမကြီးကင်ဆာကြိတ်များနှင့် အူပိတ်ခြင်းတို့သည် အဖြစ်များတတ်ပြီး အမျိုးသမီးများတွင် သားဥအိမ်၊ သားဥပြွန် နှင့်ပတ်သက်သောရောဂါတို့ အဖြစ်များတတ်သဖြင့် သေချာစမ်းသပ်ကုသမှု ခံယူသင့်ပါသည်။

“ဆီးခုံအပေါ်ပိုင်းအောင့်ခြင်း”

ဆီးခုံဟုဆိုသည့်အတိုင်း ဆီးအိမ်သည် ဆီးခုံရိုးအောက်တည့်တည့်တွင်ရှိပါသည်။ ဆီးအိမ်၏အနောက်ဘက်တွင် အမျိုးသမီးများတွင်သားအိမ်ရှိနေသောကြောင့် ဆီးစပ်ကိုက်ခြင်းသည် အများအားဖြင့် ပုံမှန်ရာသီလာစဉ်ကိုက်ခဲခြင်း သို့မဟုတ် မိန်းမကိုယ်လမ်းကြောင်းပိုးဝင်ခြင်းတို့ အဖြစ်များတတ်ပြီး တစ်ခါတရံတွင် ဝမ်းကိုက်ခြင်းသည်လည်း ဆီးစပ်ကိုက်ခြင်း၊ ဝမ်းမကြာခဏသွားချင်ချင်ဖြစ်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။

ကျန်းမာရေးအတွက် အရေးကြီးဆုံးသောအရာမှာ ကျန်းမာရေးဗဟုသုတပင် ဖြစ်ပါသည်။ စောလျင်စွာ ကြိုတင်ကာကွယ် ကုသမှု ခံယူပြီး ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။Credit and respect to original post owner

Leave a Reply

Your email address will not be published. Required fields are marked *