ကြားသိရသမျှ

စကစ ထုတ်ချေးတဲ့ ဒေါ်လာ သန်း ၂၀၀ ကျော် (၃) လအတွင်း မဆပ်နိုင်ပါက အပေါင်ပစ္စည်း သိမ်းမည်

စက်သုံးဆီ တင်သွင်းဖို့ ထောက်ပံ့ပေးမယ် ဆိုတဲ့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ် ထုတ်ပြန်ချက်ပါ ဒေါ်လာသန်း ၂၀၀ ဟာ ဘဏ်ပေါင် ပစ္စည်းတင်မှ ထုတ်ယူခွင့်ပြုမယ့် ချေးငွေသာ ဖြစ်တယ်လို့ လုပ်ငန်းရှင် တွေက ပြောပါတယ်။

အဆိုပါ ထောက်ပံ့ငွေ ရယူနိုင်ဖို့ စက်သုံးဆီ လုပ်ငန်းရှင်တွေ အနေနဲ့ ချိတ်ဆက် လုပ်ကိုင်နေတဲ့ ဘဏ်များမှာ အပေါင်ပစ္စည်းတင်ပြီး အချိုးကျ ထုတ်ယူရမှာ ဖြစ်ကာ ချေးငွေ ဖြစ်တဲ့ အတွက် ပြန်ဆပ်မယ့် ကာလ ဒေါ်လာ ပြင်ပ ပေါက်ဈေး မြင့်နေမှာကို စိုးရိမ်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ပထမ ပြောထားတာက သန်း ၄၀၀ ထောက်ပံ့မယ်လို့ သိရတယ်၊ အခုက သန်း၂၀၀ ကို လတ်တလော ထုတ်ချေးပေး သလို ရောင်းပေးတာပေါ့။ နိုင်ငံတော်ရဲ့ သတ်မှတ်ဈေးနဲ့ ရောင်းပေးတဲ့ အတွက် စက်သုံးဆီဈေး ကျတာက တစ်ကယ့် အဓိက အကြောင်းအရင်းပါ၊ သိရသလောက်က ၃ လ ပြည့်တဲ့အချိန် ပြန်ဆပ်ရမယ်၊ စက်သုံးဆီ လုပ်ငန်းရှင်းတွေ စိုးရိမ် နေတာ တစ်ခုက ပိုက်ဆံ ပြန်ဆပ်တဲ့ အချိန်မှာ ပြင်ပ ပေါက်ဈေး မတရား တက်နေရင် အခက်အခဲတော့ကြုံမယ်၊ ငွေဈေး တည်ငြိမ်ဖို့က အရေးကြီးတယ်၊ ကမ္ဘာ့ရေနံဈေး ကျတာ မကျတာ အပေါ် မှီခိုခြင်း မရှိတော့ဘူး၊ မြန်မာငွေ တန်ဖိုး ကျတာနဲ့ အမျှ စက်သုံးဆီ ဈေးက မြင့်နေမှာပဲ” လို့ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

မြန်မာ တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီ သုံးစွဲမှုက ဒေါ်လာ သန်း ၂၀၀ ဖိုးလောက်ရှိလို့ အခု ထုတ်ချေးပေးတဲ့ ပမာဏဟာ တစ်လစာ အတွက်သာ ဖူလုံနိုင်မှာ ဖြစ်တဲ့ အတွက် ဒေါ်လာရှိမှသာ စက်သုံးဆီဈေး ကျဆင်းမယ်လို့ ၎င်းက သုံးသပ်ပါတယ်။ အမေရိကန် ဒေါ်လာသန်း (၂၀၀) ကျော်ကို နိုင်ငံခြားငွေကြေးဈေးကွက်ထဲ ဖြန့်ပေးပြီးဖြစ်တယ်လို့ စကစ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောပါတယ်။ ဗဟိုဘဏ်က ထောက်ပံ့တဲ့ ဒေါ်လာသန်း (၂၀၀) ကျော်ကို အဓိက လိုအပ်တဲ့ စက်သုံးဆီ၊ စားအုန်းဆီကဏ္ဍတွေ နဲ့ လိုအပ်တဲ့ လုပ်ငန်းတွေကို ဖြန့်ဝေပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်လာသန်း(၂၀၀) ကျော်နဲ့ ဝယ်ယူတင်သွင်းသူတွေအနေနဲ့လည်း ထိုက်သင့်တဲ့ အမြတ်ပဲယူပြီး ဈေးကွက်အတွင်း ပြန်လည်ရောင်းချ ရမှာဖြစ်တယ်သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲ မြန်ဆန်နေပြီး ဈေးကွက်ထဲမှာ ဝယ်လို့ မရသလောက် ဖြစ်နေတာကြောင့် လုပ်ငန်းရှင်များ အနေနဲ့ အခက်အခဲတွေ့နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *