အထွေထွေဗဟုသုတ

မြန်မာပြည်က နာမည်ကျော် ခြံအမှတ် (၅၄) ရဲ့ မူလပိုင်ရှင်မိသားစု

“ခြံအမှတ် (၅၄) ရဲ့ မူလပိုင်ရှင်မိသားစု”

မြန်မာပြည်ရဲ့ နာမည်ကျော် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ဒေါ်အေးခင်ဆိုသူ အမျိုးသမီးကြီးတစ်ဦးက ဆောက်လုပ်ခဲ့ကြောင်း မြစ် ဖြစ်သူက လူမှုကွန်ယက်မှာ မျှဝေထားတာ ဖတ်ရပါတယ်။

ဒီကနေ့ ကမ္ဘာကျော် အိမ်ကြီးကို အဘွား ဒေါ်အေးခင် ကိုယ်တိုင် အင်းယား ကန်စပ်မှာမြေ ၂ ဧကကို တန်ဖိုး ၈၀၀၀၀ ကျပ် နှင့်ဝယ်ယူပြီး England မှ architect ကို ဒီဇိုင်းအပ်နှံပြီး ဆောက်လုပ်ခဲ့ရာ ကျပ်ငွေ ၁၅၀၀၀၀ ခန့် ကုန်ကြခဲ့ပါတယ်။

ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ပိုင်း ကျန်ရစ်သူ ဒေါ်ခင်ကြည်နဲ့ သားသမီးများကို နိုင်ငံတော်က တာဝန်အရ စောင့်ရှောက်ဖို့ ဒေါ်ခင်ကြည်ကို မေးတဲ့အခါ ကန်စပ်နှင့် အိမ်အမျိုးအစားကို ကြိုက်တဲ့အကြောင်း ပြောပါတယ်။

အဲဒီအချိန်က ရန်ကုန် အင်းယားက ကန်စပ်မှာ ဆောက်ထားတဲ့ အိမ် သုံးလုံးတိတိ ပဲရှိတာပါ။ သတင်းစာသမားတစ်ယောက်ရဲ့ အိမ်ရယ်၊ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားတဲ့ အိမ်နဲ့ အဘွား ဒေါ်အေးခင်ရဲ့ ခြံအမှတ် ၅၄ ဖြစ်ပါတယ်။

အဘွား ဒေါ်အေးခင်ရဲ့ ခြံဟာ အဲဒီအချိန်က ဂရံ ပေါင်ထားတဲ့အတွက် ငွေကြေးအလုံအလောက်နဲ့ ရွေးရန်ကြိုးစားနေတဲ့ အချိန် မရွေးနိုင်ခဲ့ဘဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက တဆင့် (ဒေါ်ခင်ကြည်၏ ပယောဂ တစ်စုံတရာမပါပါ) ဒေါ်ခင်ကြည် လက်ထဲရောက်ခဲ့တာ ဖြစ်တယ်လို့ မူရင်းအိမ်ပိုင်ရှင်ရဲ့ မြစ်ဖြစ်သူက ရေးခဲ့ပါတယ်။

ဆက်လက်ပြီး ခြံအမှတ် ၅၄ မူလပိုင်ရှင် မိသားစုရဲ့ သက်ရှိဆွေမျိုးတစ်​ယောက်ရဲ့ ရေးသားချက်အတိုင်း အောက်မှာ တိတိကျကျ ပြန်လည် ဖော်ပြလိုက်ပါတယ်။

အိမ်ပိုင်ရှင် အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့ အဘိုးဦးကံမြင့် (သုံးခွ ဇာတိ) တို့မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည်အပါအဝင် သားသမီး ၆ ဦးထွန်းကားခဲ့ပါတယ်။ အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့ အဘွားကို အဘိုးရဲ့ ညီအရင်းဖြစ်သူ ဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါတယ်။ ဦးသိန်းမောင်နဲ့ သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါတယ်။

စစ်ကြီးပြီးသွားချိန်မှာ ဦးသိန်းမောင်ဟာ စစ်တွင်းလက်ကျန်ပစ္စည်းများ လေလံတင်ရာမှာ စီးပွားရေးလုပ်လို သဖြင့် အဘွား ဒေါ်အေးခင်နှင့် ပြောဆိုကြရာ သဘောတူညီမှု မရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်။ ဒေါ်အေးခင် မကျန်းမာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်။ ထိုအတောအတွင်းမှာပဲ ဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲ နာမကျန်းဖြစ်ကာ ဆုံးပါးခဲ့ပါသည်။ အဘိုးရော အဘွားမှာ ၎င်း တို့ကိုယ်တိုင်ဆောက်ခဲ့ပြီး မြတ်နိုးလှသော အိမ်ကြီးတွင်ပင် သက်တမ်းစေ့ မနေရပဲ ခေါင်းချခဲ့ကြသည်။

ဒေါ်အေးခင်၏သမီးရင်း ကျွန်မ၏အဖွား ဒေါ်အုန်းကြည်မှာ အဖိုး ဦးကျင်သောင်းနဲ့လက်ဆက်ခဲ့ပြီး သားသမီး ၇ ယောက် အဖတ်တင်ခဲ့ပါတယ်။ ဒေးဒရဲသား အဖိုးနှင့်အဖွား၏ ပထမသားသမီး ၅ ယောက်မြောက်ထိ ခြံအမှတ် ၅၄ မှာ ပဲ မွေးဖွား နေထိုင်ကြီးပြင်းခဲ့ရပြီး ထို ၅ ဦးထဲက ၄ ဦးမှာ ယခုထိ သက်ရှိထင်ရှား ရှိနေပါတယ်။ တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ။ အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄ ကနေ ရွှေ့ပြောင်းခဲ့ရပြီးမှ ဆရာစံလမ်းက အိမ်အသစ်တွင် မွေးဖွားခဲ့ပါသည်။

ပုံ – ခြံအမှတ် ၅၄ ထဲက အရင်မူလ​ခြံရှင်နဲ့ လက်ရှိခြံရှင်

ဤ အကြောင်းများဖော်ပြရာတွင် “သမိုင်းရေးရာတွင် ဖယ်ချန်ခဲ့၍ မရသော အမွေအနှစ်တစ်ခုအကြောင်း ပိုမိုသိရှိစေချင်ခြင်း၊ မိမိ အဘိုး အဘွားများဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း၊ ထိုအိမ်ကြီးသည် နိုင်ငံတွင် အလွန်အရေးပါသော အခန်းကဏ္ဍ များစွာတွင် အထောက်အပံ့ ဖြစ်ခဲ့ခြင်း” စတဲ့ အချက်တွေကြောင့် မိမိဘဝတွင် အမှတ်တရ ဖြစ်ခဲ့ရခြင်းတို့သာ စိတ်ထဲရှိပါသည်။ မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေး အကျိုးအမြတ် တစုံတရာမျှ ပါဝင်ပတ်သတ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင်။

ယခုကဲ့သို့ဖော်ပြရာတွင် မိမိတို့ အမျိုးသာ ခြံပိုင်ရှင် အစစ်အမှန်ဖြစ်သည် ဟု ပြောလိုခြင်း လုံးဝမပါဝင်ပါ “မူလပိုင်ရှင်” သာဖြစ်ပါသည်။ လူမှုကွန်ယက်ပေါ်တွင် အဓိပ္ပါယ် သွေလဲ သွားစေသော အရေးအသားများအား တွေ့ရသဖြင့် ထပ်မံ ဖြည့်စွက်လိုက်ပါသည်။ မည်သည့် interview ကိုမျှလဲ ဖြေကြားရန် အစီအစဉ်မရှိပါ။ ကျေးဇူးတင်ပါသည်ရှင်။

(အထက်ပါအကြောင်းအရာများကို ဒေါ်ဝတ်ရည်ဖြူ ဖေ့စ်ဘုတ်အကောင့်မှ ပြည်သူအများ ဗဟုသုတရစေရန် အကြောင်းအရာ မှန်ကန်စွာ သိစေရန် ကူးယူဖော်ပြပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *